အသင်းရဲ့ အကောင်းဆုံးကစားသမားတွေထဲက တဦးလို့ သတ်မှတ်ခံထားရပါတယ်။

ထိုင်းလိဂ်-၁ ကလပ် လမ်ဖွန်ဝါရီယာမှာ ကစားနေတဲ့ မြန်မာကစားသမားမောင်မောင်လွင်ဟာ အချက်အလက်မှတ်တမ်းတွေအရ အသင်းရဲ့ စွမ်းဆောင်ရည်အကောင်းဆုံးကစားသမားတဦးအဖြစ် ရှိနေပါတယ်။ ဒီရာသီမှာ မောင်မောင်လွင်က လမ်ဖွန်အတွက်ပြိုင်ပွဲစုံ ၁၃ ပွဲကစားပေးထားပြီး ၁ ဂိုးသွင်းယူကာ ၂ ကြိမ်ဖန်တီးပေးထားပြီး အဓိက ကစာသမားအဖြစ် ပွဲထွက်ခွင့်ရနေတာပါ။ 

ဒီရာသီမှာ လမ်ဖွန်တို့ တန်းတက်ခဲ့ရာမှာ မောင်မောင်လွင်က အဓိကကျတဲ့ နေရာကနေ ပါဝင်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီ ထိုင်းလိဂ်-၂ မှာ ၁၇ ပွဲကစားပြီး ၄ ဂိုးသွင်းကာ ၇ ကြိမ်ခြေစွမ်းပြခဲ့ပါတယ်။ မောင်မောင်လွင်က လမ်ဖွန်အတွက် ထိုင်းလိဂ်-၁ မှာ တိုက်ရိုက်ကစားခဲ့ရတာမဟုတ်ဘဲ တန်းတက်နိုင်စေဖို့အတွက် အကောင်းဆုံးခြေစွမ်းနဲ့ ကူညီပေးခဲ့ပြီးမှ ထိုင်းလိဂ်-၁ကို တက်ကစားခဲ့ရတာလည်းဖြစ်ပါတယ်။ 

မှတ်တမ်းတွေအရ မောင်မောင်လွင်ဟာ အခွင့်အရေးဖန်တီးပေးမှု၊ ဂိုးဖန်တီးမှုတွေမှာ အသင်းအတွက် အများဆုံးပြုလုပ်ပေးထားတာကို တွေ့ရပါတယ်။ လက်ရှိမှာ လမ်ဖွန်အသင်းကို အောင်သူကလည်း ပြောင်းရွှေ့ကစားနေတာကြောင့် မြန်မာကစားသမားနှစ်ဦးက အသင်းဖော်တွေအဖြစ် ပြန်လည်တွေ့ဆုံနေပြီး ဒါဟာ သူတို့ခြေစွမ်းကို ပိုမိုကောင်းမွန်လာစေဖို့ အထောက်အကူပြုမယ်လို့ မျှော်လင့်ရပါတယ်။ 

ဒါပေမယ့် လမ်ဖွန်ဟာ ထိုင်းလိဂ်-၁ မှာတော့ ရုန်းကန်နေရပြီး ၁၈ ပွဲကစားပြီးချိန်မှာ ၃ပွဲသာအနိုင်ရထားကာ ၉ ပွဲအထိအရေးနိမ့်ပြီး ရမှတ် ၁၅ မှတ်နဲ့ အဆင့် ၁၄ နေရာမှာရှိနေပြီး သူတို့အောက်မှာ အသင်း ၂သင်းသာရှိတော့တာဖြစ်ပါတယ်။ ဒါ့အပြင် မနေ့ကကစားခဲ့တဲ့ ထိုင်းအက်ဖ်အေဖလားပွဲမှာလည်း BG Pathum United ကို ၁-၀နဲ့ အရေးနိမ့်ခဲ့လို့ ၁၆ သင်းအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။ 

ထိုင်းလိဂ်ဖလားပွဲမှာတော့ လမ်ဖွန်က ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိနေပြီး Prachuap အသင်းနဲ့တွေ့ဆုံမှာဖြစ်ပြီး အဆိုပါပြိုင်ပွဲကနေ ဆုဖလားတလုံးမျှော်လင့်နိုင်တဲ့ အနေအထားတော့ရှိပါသေးတယ်။ အဆိုပါပြိုင်ပွဲမှာတော့ အသင်းကြီးတွေအဖြစ် BG Pathum၊ ဘူရီယမ်နဲ့ ဘန်ကောက်ယူနိုက်တက်တို့ ရှိနေသေးလို့ ခက်ခဲမှုတွေတော့ ရှိဦးမှာပါ။ 


Share

Loading Next Article...
က္က