အန်တိုနီက အာဆင်နယ်နဲ့ပွဲမှာ ဇင်ချန်ကိုကိုခြေယောင်ပြခဲ့တာပါ။

ယူနိုက်တက်ကစားသမား အန်တိုနီက အာဆင်နယ်နဲ့ပွဲမှာ သူပြသခဲ့တဲ့ ခြေယောင်ပြမှုအပေါ် ဝေဖန်နေကြတဲ့ ဂယ်ရီနဗီးလ်နဲ့ ကာရေဂါတို့နှစ်ယောက်ကို ပြန်လည်တုံ့ပြန်လာခဲ့ပါတယ်။ ဒီပွဲရဲ့ ပထမပိုင်းမှာ အန်တိုနီက ယူနိုက်တက်အတွက် အဖွင့်ဂိုးသွင်းနိုင်ခဲ့သလို ဇင်ချန်ကိုနဲ့အတွေ့မှာလည်း မလိုအပ်ဘဲ ခြေယောင်ပြနေတာမျိုး လုပ်ခဲ့တာပါ။



ဒီအပေါ်မှာ ဂယ်ရီနဗီးလ်က အဓိပ္ပာယ်မရှိတဲ့လုပ်ရပ်သာဖြစ်ကြောင်း အန်တိုနီကို ဝေဖန်ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ကာရေဂါကလည်း သူတို့ကစားနေတဲ့ခေတ်မှာသာ အန်တိုနီ ဒါမျိုးလုပ်ရင် နောက်ပွဲတွေမှာ အရံခုံမှာပဲ ထိုင်နေရတော့မှာဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။ ဒီအပေါ်မှာတော့ အန်တိုနီက ဂရုမစိုက်ဘဲ အခုလို တုံ့ပြန်လာခဲ့ပါတယ်။

ယူနိုက်တက်ဝက်ဘ်ဆိုက်နဲ့ တရားဝင်တွေ့ဆုံခန်းမှာ အန်တိုနီက “ကျနော် ဒါမျိုးကို အမြဲတမ်းလုပ်ခဲ့တာပါ။ ယူနိုက်တက်ရောက်မှ လုပ်တာလည်း မဟုတ်ပါဘူး။ ကျနော် ကစားပေးခဲ့တဲ့ အသင်းတိုင်းအတွက် ကျနော် ဒီလိုပုံစံမျိုးကို ပြသခဲ့ပါတယ်။ နောက်ပြီး ဒါမျိုးခြေယောင်ပြတာက ကျနော့်ကလေးဘဝတည်းက လုပ်လာခဲ့တဲ့အရာပါ”

“ပြောရမယ်ဆိုရင် ကျနော့်ရဲ့ ထူးခြားချက်တွေထဲက တခုအပါအဝင်ပဲဖြစ်ပါတယ်။ ကျနော် ဒီမှာအသားကျနေပြီး အရာအားလုံးနဲ့လည်း အဆင်ပြေနေပါပြီ။ ဖျော်ဖြေရေးဆိုတာက ကျနော် အမြဲတမ်း ကြိုက်နှစ်သက်ခဲ့တဲ့အရာဖြစ်ပြီး ဒါကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။ အန်တိုနီ ပွဲဦးထွက်ဂိုးသွင်းခဲ့တဲ့ အာဆင်နယ်နဲ့ပွဲမှာ ယူနိုက်တက်ကလည်း ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒီဘရာဇီးသားဟာ ပြီးခဲ့တဲ့ (၂၀၂၀) မှာ လက်ရှိ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်ရဲ့ခေါ်ယူမှုနဲ့အတူ ဆော်ပေါ်လိုကနေ အေဂျက်စ်ကို ပြောင်းရွှေ့လာခဲ့ပါတယ်။ အေဂျက်စ်မှာတော့ အသက် (၂၂) နှစ်အရွယ် အန်တိုနီက လိဂ်ပွဲ (၅၇) ပွဲကစား၊ (၁၈) ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ပြီးခဲ့တဲ့နွေရာသီမှာတော့ တန်ဟက်ခ်ပြောင်းရွှေ့လာတဲ့ ယူနိုက်တက်ကို လိုက်ပါပြောင်းရွှေ့ခဲ့တာလည်းဖြစ်ပါတယ်။ 

Share

က္က