ဒီဂျောင်တော့ တော်တော်လေးခေါင်းစားနေလောက်ပါပြီ။

နယ်သာလန်ကွင်းလယ်လူဒီဂျောင်ကတော့ ဘာစီလိုနာမှာ ကြာရင် ရူးရင်ရူး၊ မရူးရင်တောင်မှ နည်းနည်းတော့ စိတ်ပိုင်းဆိုင်ရာပြသနာတွေဖြစ်လာမယ်ထင်ပါတယ်။ ပြီးခဲ့တဲ့တရက်ကမှ သူ့ကို လေ့ကျင့်ရေးကွင်းအနီးမှာ လစာလျှော့ယူဖို့ပြောဆိုခဲ့ပြီး ခွေးနဲ့ပါနှိုင်းကာ ဘာစီလိုနာပရိသတ်တချို့က ဆဲဆိုခဲ့တာကို ရင်ဆိုင်ခဲ့ရပါတယ်။ 

အဲဒီလိုဆဲဆိုပြီး နောက်တရက်မှာတော့ ဘာစီလိုနာပရိသတ်တွေက အသင်းလေ့ကျင့်ရေးကွင်းအပြင်ဘက်မှာ စုရုံးခဲ့ကြပြီး ဒီဂျောင်ကို အသင်းမှာဆက်နေဖို့အတွက် တိုက်တွန်းမှုတွေပြုလုပ်သွားခဲ့တယ်လို့ သိရပါတယ်။ နူးကမ့်မှာ အနာဂတ်မတည်မငြိမ်ဖြစ်နေပြီး မန်ချက်စတာယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ရဲ့ စိတ်ဝင်စားမှုကို ရရှိနေတဲ့ ဒီဂျောင်အတွက်တော့ ရင်ဆိုင်နေရတာတွေက တနေ့တမျိုးမရိုးနိုင်အောင်ပါပဲ။

ဘာစီလိုနာဆီမှာ လုပ်ခလစာအကြွေး ယူရို ၁၇ သန်းအထိ ရရှိမယ့် ဒီဂျောင်ဟာ အဆိုပါအကြွေးတွေကို မရတဲ့အပြင် လစာလျှော့ယူပေးဖို့လည်း ဖိအားပေးခံနေရပါတယ်။ ဒါ့အပြင် လစာလျှော့မယူပါက စာချုပ်သစ်မှာပါရှိတဲ့ ရာဇဝတ်မှုအကြောင်းအရာတွေကြောင့် တရားစွဲဆိုမယ်လို့ပါ အသင်းဆီကနေ ခြိမ်းခြောက်ခံထားရပြီး ဖွတ်မရ၊ ဓါးမဆုံးအဖြစ်နဲ့ တွေ့ကြုံနေရပါတယ်။ 

ဒီကြားထဲမှာ ပရိသတ်တွေက ဒီနေ့လာဆဲလိုက်၊ နောက်တနေ့ကျ ဆက်နေဖို့ လာပြောလိုက်ဖြစ်နေလို့ ဒီဂျောင်တယောက် တော်တော်လေးတော့ ခေါင်းစားနေမှာသေချာပါတယ်။ ဟော်လန်ကွင်းလယ်လူက နူးကမ့်မှာဆက်ကစားချင်တယ်လို့ ပြောဆိုထားပေမယ့် ဘာကာကတော့ ကစားသမားသစ်တွေကို မှတ်ပုံတင်နိုင်ဖို့ အပူတပြင်းအရေးကြီးနေပြီး အသင်းကစားသမား၊ လစာငွေလျှော့ချနိုင်ဖို့ကို အသည်းအသန်လုပ်ဆောင်နေရပါတယ်။

ဒီဂျောင်က လစာလျှော့ယူတာ ဒါမှမဟုတ် အသင်းကနေထွက်ခွာသွားတာမျိုးဆိုရင် ကစားသမားသစ်တွေကို မှတ်ပုံတင်နိုင်ဖို့က အထိုက်အလျောက်ပြေလည်ဖွယ်ရာရှိနေတာပါ။ လီဝန်ဒေါစကီး၊ ရာဖင်ဟာ၊ ကွန်ဒေး၊ ခရစ္စတီယန်ဆန်၊ ကက်ဆီ၊ ဒမ်ဘီလီ၊ ဆာဂျီရောဘတ်တို့ကို အခုချိန်ထိ ဘာကာက တရားဝင်ကစားသမားအဖြစ် မှတ်ပုံတင်ထားနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က