ရန်ကုန်တိုင်းအပါအဝင် ဒေသ ၄ ခုမှာ အများဆုံးဖြစ်ပွားခဲ့ပါတယ်။

၂၀၁၉ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအတွင်း တစ်နိုင်ငံလုံးမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ တစ်သောင်းရှစ်ထောင်ကျော်ရှိခဲ့ပြီး အများစုမှာ အသက် (၅) နှစ်ကနေ (၉) နှစ်အတွင်း ကလေးငယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

Photo- Global New Light of Myanmar

တစ်နိုင်ငံလုံးအတိုင်းအတာအရ ဇန်နဝါရီလ (၁) ရက်ကနေ စက်တင်ဘာ (၂၁) ရက်အထိ ဖြစ်ပွားသူပေါင်း (၁၈၃၂၀) ဦးရှိခဲ့ပြီး သေဆုံးသူ (၁၀၇) ဦးအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကူးစက်ခံရသူ ၁၈၀၀၀ ကျော်မှာ အသက် ၁ နှစ်အောက်ကလေးငယ် (၁၂၃၆) ဦး၊ အသက် ၁ နှစ်ကနေ ၄ နှစ်အတွင်း ကလေးငယ် (၄၁၂၉) ဦး၊ အသက် ၁၀နှစ်ကနေ ၁၄ နှစ်အောက် ကလေး (၃၂၂၅) ဦးနဲ့ အသက် ၁၅ နှစ်ကနေ အသက် ၁၅ နှစ်အထက် (၂၃၈၄) ဦး ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖြစ်ပွားမှု အများဆုံးဒေသတွေကတော့ ကချင်ပြည်နယ်၊ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နဲ့ မန္တလေးတိုင်းဒေသကြီးတို့ ဖြစ်ပါတယ်။
Photo- Ministry of Health and Sport

ဖြစ်ပွားသူတွေက ကချင်ပြည်နယ်မှာ (၂၉၀၄) ဦး၊ ဧရာဝတီတိုင်းမှာ (၂၆၃၁) ဦးနဲ့ ရန်ကုန်တိုင်းမှာ (၂၄၆၄) ဦးရှိခဲ့ပြီး ကချင်ပြည်နယ်မှာ (၂၉) ဦး၊ ရန်ကုန်တိုင်းမှာ (၂၄) ဦးနဲ့ ဧရာဝတီတိုင်းမှာ (၁၁) ဦးသေဆုံးခဲ့တာပါ။

သွေးလွန်တုပ်ကွေးရောဂါဟာ မိုးတွင်းကာလမှာ ဖြစ်ပွားပေမယ့် တစ်ချို့ဒေသတွေမှာတော့ တစ်နှစ်ပတ်လုံး ဖြစ်ပွားလေ့ရှိပြီး ရောဂါပိုးသယ်ဆောင်တဲ့ အေးဒီစ် ခြင်ကျားအကိုက်ခံရခြင်းကတစ်ဆင့် ကူးစက်တာဖြစ်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားအောင် ကာကွယ်ရာမှာ ခြင်ကိုက်မခံရအောင်၊ ခြင်မပေါက်ဖွားအောင် ပြုလုပ်ရမှာဖြစ်ပြီး အိမ်တွေမှာ ဘူးခွံ၊ပုလင်းခွံ၊ တာယာအဟောင်းတွေကို ရေတင်မကျန်အောင် စနစ်တကျစွန့်ပစ်ရမှာဖြစ်သလို ရေစည်၊ရေအိုးတွေကို ဖုံးအုပ်ထားရမယ်လို့ ဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။

မလှယ်နိုင်၊ မသွန်နိုင်တဲ့ အုတ်ကန်ကြီးတွေ၊ ရေသိုလှောင်တဲ့ (Overhead Tank) အတွင်းမှာ ပိုးလောက်လန်းသေဆေး ၊ အဘိတ်ဆေးခတ်ပါ။ ရေသိုလှောင်ကန်တွေမှာ တိလားပီးယားငါး၊ ငါးထိပ်ကွက်နဲ့ ဒေါင်းငါးစတဲ့လောက်လန်းစားငါးတွေကို မွေးမြူနိုင်တယ်လို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပါတယ်။

မိမိတို့နေထိုင်တဲ့ ကျေးရွာ၊ရပ်ကွက်တွေမှာ သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေ မှာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Share

Loading Next Article...
က္က