ကိုဗစ်ကူးစက်မှုနှုန်းလျော့ကျလာတဲ့ လတ်တလောကာလမှာ အသက် (၁၀)နှစ်အောက် ကလေးတွေ အနေနဲ့ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုများပြားလာတယ်လို့ သိရပါတယ်။
ကိုဗစ်ကူးစက်မှူနှုန်းလျော့ကျလာတဲ့အခါမှာ တခြားဗိုင်းရပ်စ်ပိုးတွေကြောင့်ဖြစ်တဲ့ သာမန်တုပ်ကွေးရောဂါတွေဖြစ်တဲ့ ဖျားတာနာတာတွေလည်း အသက်အရွယ်မရွေး ဖြစ်ပွားလျှက်ရှိနေသလို ကလေးတွေမှာတော့ သွေးလွန်တုပ်ကွေးရောဂါအဖြစ်များလျက်ရှိနေတယ်လို့ သိရပါတယ်။
“ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုက အသက် (၅)နှစ်နဲ့ (၁၀)ကြားကလေးတွေကြား အဖြစ်များတာတွေ့ရတယ်။ လူကြီးတွေလည်းဖြစ်တယ်ဆိုပေမယ့် တစ်ယောက် နှစ်ယောက်လောက်ပဲ။ အဖြစ်များတာကတော့ ကလေးတွေ။ အသိမိတ်တွေထဲက ကလေးတွေလည်း သွေးလွန်တုပ်ကွေးကြောင့် ဆေးရုံတက်ရတဲ့သူတွေရှိတယ်။ ဒီကာလက မိုးအကုန် ဆောင်းအကူးကလာလဖြစ်တဲ့အတွက် နှစ်တိုင်းဖြစ်နေကြပါပဲ။ သွေးလွန်တုပ်ကွေးရောဂါကလည်း ကူးစက်ရောဂါဖြစ်ပြီး အသက်အန္တရာယ်ပါထိခိုက်နိုင်တဲ့ ရောဂါဖြစ်တဲ့အတွက် အထူးဂရုပြုပြီးတော့ နေထိုင်သင့်တယ်” လို့ အထွေထွေအထူးကုသမားတော် ဒေါက်တာမိုးအောင်ကျော်နိုင်ကပြောပါတယ်။
ကိုဗစ်ရောဂါ အပါအဝင် သာမန်တုပ်ကွေးရောဂါနဲ့ သွေးလွန်တုပ်ကွေးရောဂါတွေရဲ့ လက္ခဏာတွေဖြစ်တဲ့ ဖျားနာ၊ ခေါင်းကိုက်၊ ကိုယ်လက်ကိုက် စတဲ့ လက္ခဏာတွေအားလုံးကတော့ ဆင်တူပါပဲ။
သွေးလွန်တုပ်ကွေး ဖြစ်နိုင်ခြေရှိမရှိ ဘယ်လိုသိနိုင်မလဲ
ကိုဗစ်ကာလလည်း ဖြစ်တာကြောင့် ဖျားနာတဲ့အခါ သာမန်တုပ်ကွေးနဲ့ကိုဗစ်ဖြစ်ပွါးတာ မသဲကွဲတဲ့အခါမျိုးမှာ ဖျားနာပြီး (၃)ရက်မြောက်နေ့ထိ မသက်သာရင် သွေးစစ်ဆေးဖို့လိုအပ်တယ်လို့ ဒေါက်တာမိုးအောင်ကျော်နိုင်ကပြောပါတယ်။
“ ဖျားနာပြီး (၃)ရက်ကနေ (၅)ရက်အတွင်းမှာ နှာခေါင်းသွေးယိုတာ၊ အရေပြားပေါ်မှာ အနီစက်လေးတွေထွက်လာပြီဆိုရင်တော့ သွေးလွန်တုပ်ကွေးစတာပါ။
ခြေဖျားလက်ဖျားတွေအေားပြီး ကော်ဖီမှုန့်ရောင်လိုမျိုးသွေး အန်ရင်တော့ အန္တရာယ်ရှိပါတယ်။ ဒါက (၃)ရက်ကနေ (၇)ရက်အတွင်းမှာဖြစ်တယ်။ သွေးအန်တယ်ဆိုတာ အစာအိမ်ထဲမှာ သွေးယိုနေတဲ့လက္ခဏာပါ။ သွေးကိုအန်လိုက်တဲ့အခါ သွေးနဲ့ အက်စစ်နဲ့ထိပြီး အညိုရောင်အန်တာ။ ဒီလိုအနေအထားမျိုးဆို သွေးလွန်တုပ်ကွေးကိုမှ နောက်ကျနေတဲ့အနေအထားဖြစ်တဲ့အတွက် အန္တရာယ်ရှိပါတယ်။ ဒါ့ကြောင့် ဖျားနာပြီး (၃)ရက်ကနေ (၅)ရက်အထိ မသက်သာရင် သွေးစစ်ပါ။ သွေးစစ်လို့ထွက်လာတဲ့အဖြေသိမှ ရောဂါသိပြီး အချိန်မီကုသနိုင်မှာဖြစ်တယ်” လို့ဆိုပါတယ်။
မဖြစ်ခင်က ကာကွယ်ပါ
ရောဂါဖြစ်မှ ကုသမှုခံယူတာထက် ကလေးမိဘတွေအနေနဲ့ မိမိကလေးတွေမှာ ရောဂါမဖြစ်ပွါးအောင် ကာကွယ်ရေးနည်းလမ်းတွေကို အထူးဂရုပြုဖို့လိုအပ်ပါတယ်။
အဓိက သွေးလွန်တုပ်ကွေးရောဂါဟာ ခြင်ကတစ်ဆင့်ကူးစ်တာကြောင့် မိမိနေအိမ်နဲ့ ပတ်ဝန်းကျင်မှာ အတက်ဆုံး ခြင်ပေါက်ဖွားမှုမရှိအောင် ကြိုတင်ဆောင်ရွက်မှုတွေနဲ့ အတူ မိမိရဲ့ကလေးကိုလည်း ခြင်ကိုက်မခံရအောင် အထူးဂရုပြုသင့်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါကလည်း အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ ကူးစက်ရောဂါဖြစ်တဲ့အတွက် ပေါ့ပေါ့ဆဆမနေသင့်ဘဲ ဖြစ်ပွားပါကလည်း အချိန်မှုကုသမှုခံယူဖို့လိုတယ်လို့ ဒေါက်တာမိုးအောင်ကျော်နိုင်က အကြံပြုပြောကြားခဲ့ပါတယ်။
Share