ဒီယေဂိုကော်စတာရဲ့နေအိမ်ကိုလည်း ရဲတွေကဝင်ရောက်ရှာဖွေခဲ့တယ်လို့ သိရှိရပါတယ်။

ချဲလ်ဆီးနဲ့အက်သလက်တီကိုတိုက်စစ်မှူးဟောင်း ဒီယေဂိုကော်စတာဟာ လောင်းကစားမှုအရှုပ်တော်ပုံမှာ အဓိကပါဝင်ပတ်သက်သူအဖြစ် စုံစမ်းစစ်ဆေးခံနေရတယ်လို့ သိရှိရပါတယ်။



အသက် (၃၂) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီတိုက်စစ်မှူးကြီးဟာ မွေးရပ်မြေ ဘရာဇီးကလပ် အက်သလက်တီကိုမင်နဲရိုးမှာ သွားရောက်ကစားနေပြီး အခုလိုမျိုးပြဿနာဖြစ်ပွားခဲ့တာပါ။ ရဲတပ်ဖွဲ့ဘက်က ဒီယေဂိုကော်စတာရဲ့နာမည်ကို တရားဝင်ထုတ်ဖော်ပြောကြားခြင်းမရှိပေမယ့် ဒီအဖြစ်အပျက်မှာ ဘောလုံးသမားတစ်ယောက်ပါဝင်ပတ်သက်နေတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒီအမှုကို စုံစမ်းနေတဲ့ စုံထောက်တွေက အမှုနဲ့ပတ်သက်တဲ့အကြောင်းအရာအချို့ကို ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ လူသိရှင်ကြားဖွင့်ဟခဲ့ပြီး လောင်းကစားဝက်ဘ်ဆိုက်တစ်ခုနဲ့ဆက်စပ်ကာ ငွေကြေးခဝါချမှု၊ နိုင်ငံခြားငွေ တရားမဝင်လဲလှယ်မှုတို့လည်း ပါဝင်နေတယ်လို့ဆိုပါတယ်။ ဆာဂျီပဲဒေသမှာဖြစ်ပွားခဲ့တဲ့ ဒီအမှုမှာ ESPORTENET က ပိုင်ရှင်တွေနဲ့ ငွေရေးကြေးရေးဆိုင်ရာ စီမံခန့်ခွဲသူတွေကိုလည်း စုံစမ်းစစ်ဆေးနေသလို ငွေကြေးပေါင် (၁.၇၇) သန်းနဲ့ အခြားသော အီလက်ထရောနစ်ပစ္စည်းတွေကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းရရှိထားပါတယ်။

ဒါ့အပြင် ဒီယေဂိုကော်စတာရဲ့ နေအိမ်ကိုလည်း ဝင်ရောက်ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပြီး ကစားသမားဘက်ကတော့ ဒီအမှုနဲ့ပတ်သက်လို့ ဖြေရှင်းချက်တစ်စုံတစ်ရာမပေးထားပါဘူး။ ဒီဖြစ်စဥ်အတွက် ဒီယေဂိုကော်စတာရဲ့ မိခင်ကလပ် အက်သလက်တီကိုမင်နဲရိုးက “ဒီယေဂိုကော်စတာရဲ့ သတင်းတွေက အသင်းနဲ့သက်ဆိုင်ခြင်းမရှိပါဘူး”

“သူတို့ရဲ့စုံစမ်းစစ်ဆေးမှုတွေက လူသိရှင်ကြားပြုလုပ်ခဲ့ခြင်းမရှိတာကြောင့် အသင်းအနေနဲ့ ဘာကိုမှကြိုတင်မသိရှိခဲ့ရသလို မင်နဲရိုးအသင်းကို မရောက်ခင်ကာလတုန်းက အဖြစ်အပျက်တွေကြောင့်လည်း ဆက်နွယ်နေနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် မင်နဲရိုးအသင်းအနေနဲ့ ဒီအမှုအတွက် ဒီထက်ပိုမိုသိရှိခွင့်ရအောင် ကြိုးစားသွားမှာဖြစ်ပြီး ကစားသမားဘက်က လိုအပ်တဲ့အကူအညီတွေကို အသင်းဘက်က ဆောင်ရွက်ပေးသွားဖို့ ကမ်းလှမ်းသွားမှာပါ” လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။  

ရဲတပ်ဖွဲ့ဘက်က ထုတ်ပြန်ချက်တွေအရတော့ ဒီယေဂိုကော်စတာဟာ ဒီအမှုမှာ အဓိကနေရာက ပါဝင်ခဲ့တဲ့သူတစ်ယောက်လို့ ယူဆနိုင်ပြီး ရာဇဝတ်မှုကျူးလွန်ဖို့အတွက် တရားမဝင်ငွေကြေးလဲလှယ်ပေးခြင်းနဲ့ ငွေကြေးထောက်ပံ့ပေးခြင်းတို့ကို ကျူးလွန်ခဲ့ဖွယ်ရှိတယ်လို့ ရဲတပ်ဖွဲ့က ယူဆထားပါတယ်။

ဒီယေဂိုကော်စတာဟာ ပြီးခဲ့တဲ့သြဂုတ် (၁၄) ကမှ အက်သလက်တီကိုမင်နဲရိုးကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ပထမဆုံး ကစားပေးခဲ့တဲ့ပွဲမှာတင် လူစားဝင်လာပြီး ဂိုးသွင်းယူနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။ 

Share

က္က