မနေ့က ပေါ်တူဂီနဲ့ ဂါနာပွဲကတော့ အပြန်အလှန်သွင်းဂိုးတွေ၊ ပွဲပြီးခါနီး စိတ်လှုပ်ရှားစရာဖြစ်ရပ်တွေကြောင့် ပရိသတ်တွေ ကြည့်ရကျိုးနပ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ သွင်းဂိုး ၅ ဂိုးအထိ မြင်ခဲ့ရပြီး ဂိုးမရှိသရေပွဲတွေကြောင့် စိတ်ပျက်နေတဲ့ ပရိသတ်တွေကို နှစ်သင်းစလုံးက စိတ်အဆာပြေအောင် ဖျော်ဖြေပေးသွားခဲ့ပြီး အားလုံးကလည်း ကျေနပ်ခဲ့ကြပါတယ်။
အဲဒီပွဲမှာတော့ အန်ဒရေအယူးတယောက် အရန်ခုံတန်းမှာ အောင်ပွဲခံလို့တောင်မပြီးသေးခင်မှာပဲ အသင်းဂိုးထပ်ပေးခဲ့ရလို့ စိတ်ပျက်ခဲ့ရတာကလည်း မှတ်မှတ်သားသားဖြစ်ရပ်တခုအဖြစ် ရှိနေခဲ့ပါတယ်။ ပေါ်တူဂီအတွက် ရော်နယ်ဒိုက ပင်နယ်တီကနေ ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ အန်ဒရေအယူးက အနီးကပ်ပိတ်သွင်းယူပြီး ဂါနာအတွက် ချေပခဲ့ပါတယ်။
သူ ချေပဂိုးသွင်းပြီး သိပ်မကြာခင်မှာပဲ လူစားလဲလှယ်ခဲ့ရပြီးတော့ အရန်ခုံတန်းမှာ အသင်းဖော်တွေက သူ့ကို ဂုဏ်ပြုပွေ့ဖက်နေခဲ့ကြပါတယ်။ အယူးက ကွင်းထဲမှာ ဂိုးသွင်းပြီးချိန်လည်း အားပါးတရအောင်ပွဲခံခဲ့ပြီး ဂါနာအတွက် တခုခုတော့ ဖြစ်လာတော့မယ်လို့ ယုံကြည်ခဲ့ဟန်ရှိပါတယ်။ ဒါပေမယ့် အရန်ခုံတန်းမှာ အသင်းဖော်တွေနဲ့အတူ အောင်ပွဲခံလို့တောင်မဆုံးသေးခင်မှာပဲ ပေါ်တူဂီအတွက် ယာအိုဖိလစ်က ဦးဆောင်ဂိုးပြန်သွင်းခဲ့လို့ အယူးတယောက် ပေါက်ကွဲခဲ့ရပါတယ်။
သူ ဂိုးသွင်းခဲ့တာက ၇၃ မိနစ်မှာဖြစ်ပြီး ယာအိုဖိလစ်က ၇၈ မိနစ်မှာ ဂိုးပြန်သွင်းခဲ့တာပါ။ အယူးကို အဲဒီအချိန်လေး ၅ မိနစ်အတွင်းမှာ လူစားလဲလှယ်ခဲ့ပြီး ကွင်းပြင်ရောက်လို့ ထိုင်တောင်မထိုင်ရသေးခင် ဂိုးပြန်ပေးလိုက်ရတာပါ။ အနှေးပြကွက်တွေအရ အယူးတယောက် ရေဗူးကို ကောက်ပေါက်တဲ့အထိကို ဒေါသထွက်ခဲ့တာဖြစ်ပါတယ်။
ဒီနောက် ပေါ်တူဂီအတွက် ရာဖေးလ်လွီအိုက နောက်တဂိုးထပ်သွင်းကာ ဘူကာရီထပ်ချေပခဲ့ပေမယ့် ၃-၂ နဲ့သာ ပွဲပြီးခဲ့ပါတယ်။ ပွဲပြီးခါနီမှာ ပေါ်တူဂီဂိုးသမားအမှားကတဆင့် ဂါနာတို့ ချေပဂိုးရဖို့နီးစပ်ခဲ့ပြီး ရော်နယ်ဒိုတယောက် ကွင်းဘေးနားမှာ ကြက်သေသေပြီး လန့်ဖြန့်နေခဲ့တာကလည်း ပြောစမှတ်တွင်ခဲ့ပါတယ်။