အနာဂတ်အတွက် အီဘရာဟီမိုဗစ်တယောက် စိတ်ပူနေရတာပါ။

အေစီမီလန်နဲ့ ဆွီဒင်တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်က သူ့အနေနဲ့ ဘောလုံးကစားခြင်းကနေ အနားယူရမှာကို ကြောက်ရွံ့နေတယ်လို့ အံ့အားသင့်ဖွယ် ဖွင့်ဟပြောကြားလိုက်ပါတယ်။ ဒါ့အပြင် အီဘရာဟီမိုဗစ်က တသက်လုံး ဘောလုံးကစားသွားချင်တယ်လို့လည်း ပြောကြားခဲ့သေးတာပါ။



ဘာမထီတဲ့ စကားလုံးတွေနဲ့ ဘောလုံးလောကကို လှုပ်ကိုင်လေ့ရှိတဲ့ အီဘရာဟီမိုဗစ်ဟာ လက်ရှိအချိန်မှာ အသက် (၄၀) ရှိလာပြီဆိုပေမယ့် အီတလီထိပ်သီးအသင်း အေစီမီလန်နဲ့တောင် နောက်ထပ် (၁) နှစ် စာချုပ်သက်တမ်းတိုးဖို့ စီစဥ်နေပါတယ်။

PSG ကနေ ယူနိုက်တက်ကို ရောက်လာပြီးနောက်ပိုင်း အီဘရာဟီမိုဗစ်တယောက် ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရချိန်မှာ သူ့ရဲ့ ကစားသမားဘဝ အဆုံးသတ်ရပြီလို့ အားလုံးက ယူဆခဲ့တာပါ။

ဒါပေမယ့် အီဘရာဟီမိုဗစ်က LA ဂလက်ဆီမှာ အကောင်းဆုံးပုံစံတွေ ပြန်လည်ပြသခဲ့ပြီးတဲ့နောက်ပိုင်း အေစီမီလန်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီး ဆွီဒင်လက်ရွေးစင်အတွက်ပါ ပြန်လည်ကစားပေးနေပါပြီ။ လက်ရှိအချိန်မှာတော့ အီဘရာဟီမိုဗစ်က သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်လို့ စိုးရိမ်နေရတဲ့အကြောင်းကို အခုလိုပဲ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အီဘရာဟီမိုဗစ်က “ကျနော် ကစားနိုင်သလောက် ဆက်ကစားနေဦးမှာပါ။ အဲ့ဒီတော့ အေစီမီလန်ကို ကျနော်နဲ့ စာချုပ်သစ်ချုပ်ဖို့အတွက် ထပ်ပြီး ဖိအားပေးလိုက်ကြရအောင်။ ကျနော် အေစီမီလန်မှာ တသက်လုံး ကစားသွားဖို့ မျှော်လင့်ထားတယ်ဗျ။ နောက်ထပ် အီတလီစီးရီးအေ အမှတ်ပေးချန်ပီယံဆုလည်း ထပ်လိုချင်ပါသေးတယ်”

“ကျနော့်ရဲ့ ကစားသမားဘဝနောက်ပိုင်း ဘာဆက်ဖြစ်မယ်ဆိုတာ ကျနော် မသိသေးပါဘူး။ ဒီတော့ ကျနော် အနားယူဖို့ကို နည်းနည်းတော့ကြောက်တယ်ဗျာ။ ဒါပေမယ့် ကျနော်တို့ စောင့်ကြည့်ကြတာပေါ့။ ဘာလို့လဲဆိုတော့ ကျနော် ဆက်ကစားချင်သေးတယ်လေ။ အဲ့ဒါမှပဲ ကျနော့်အတွက် နောင်တမရ,ရမှာပါ” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က