ပက်ထရစ်ရှစ်ခ်ကတော့ ဆက်တိုက် ကယ်တင်နေတာပါ။

မနေ့ညက ကစားခဲ့တဲ့ ဟော့ဖန်းဟိမ်းနဲ့ပွဲမှာ လေဗာကူဆင်တို့ ကံကောင်းထောက်မစွာနဲ့ ရှုံးပွဲကြုံတွေ့ရမယ့် အရေးကို ရှောင်လွှဲနိုင်ခဲ့ပြီး နောက်ကျသွင်းဂိုးတွေနဲ့ အိမ်ကွင်းမှာ အနိုင်ရလဒ်ပါ ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ လေဗာကူဆင်တို့ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။



ဒီပွဲမှာ ပထမပိုင်း ပွဲကစားချိန် (၃၃) မိနစ်ကတည်းက ဟော့ဖန်းဟိမ်းတို့ ဦးဆောင်ဂိုးရရှိခဲ့တာဖြစ်ပါတယ်။ လေဗာကူဆင်တို့ ချေပဂိုးရရှိဖို့ ဆက်တိုက် ရုန်းကန်ခဲ့ရပြီး ပွဲကစားချိန် (၈၈) မိနစ်မှသာ ချေပဂိုးတစ်ဂိုး ပြန်လည်ရရှိခဲ့တာပါ။ ဒီဂိုးကိုတော့ အန်းဒရစ်ချ်က သွင်းယူပေးခဲ့ပါတယ်။

အဲ့ဒီနောက် ပွဲကစားချိန် မိနစ် (၉၀) ရဲ့ နာကျင်အချိန်ပို (၁) မိနစ်မှာတော့ လေဗာကူဆင်အတွက် အဖိုးတန်အနိုင်ဂိုးကို ပက်ထရစ်ရှစ်ခ်က သွင်းယူပေးခဲ့ပြီး လေဗာကူဆင်တို့ အိမ်ကွင်းမှာ အံ့အားသင့်ဖွယ် Comeback နဲ့အတူ နိုင်ပွဲ ဆက်လက်ရရှိခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့်လည်း လေဗာကူဆင်တို့ ဒီရာသီ ပြိုင်ပွဲစုံမှာ ရှုံးပွဲလုံးဝမရှိသေးဘဲ ရှေ့ဆက်နေဆဲဖြစ်ပါတယ်။

ထူးခြားတာတစ်ခုကတော့ ပက်ထရစ်ရှစ်ခ်ရဲ့ စွမ်းဆောင်ရည်ပဲဖြစ်ပါတယ်။ ဒီကစားသမားက လေဗာကူဆင်အတွက် နောက်ဆုံးသွင်းယူပေးထားတဲ့ သွင်းဂိုး (၅) ဂိုးစလုံးက အခုလိုမျိုးပဲ နောက်ကျသွင်းဂိုးတွေဖြစ်နေခဲ့တာပါ။ သူ့ရဲ့ သွင်းဂိုးတွေကြောင့်ပဲ လေဗာကူဆင်တို့ နိုင်ပွဲရရှိခဲ့တာ၊ ရှုံးပွဲမရှိအောင် ရှောင်လွှဲနိုင်ခဲ့တာတွေဖြစ်ခဲ့ပါတယ်။

ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ ဖရိုင်းဘတ်နဲ့ပွဲမှာ အသင်းအတွက် အနိုင်သေချာစေမယ့် သွင်းဂိုးတစ်ဂိုးကို ဒုတိယပိုင်း (၅၃) မိနစ်မှာ ပက်ထရစ်ရှစ်ခ်က သွင်းယူပေးခဲ့တာပါ။ ကာရာဘတ်ကို ယူရိုပါလိဂ်မှာ အနိုင်ယူပြီး ကွာတားတက်ခဲ့တဲ့ပွဲမှာလည်း ပက်ထရစ်ရှစ်ခ်က မိနစ် (၉၀) ရဲ့ (၃) မိနစ်နဲ့ (၇) မိနစ်တို့မှာ ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ကာရာဘတ်နဲ့ ပထမအကျော့မှာလည်း မိနစ် (၉၀) ရဲ့ နာကျင်အချိန်ပို (၂) မိနစ်မှာ အသင်းအတွက် ရှုံးပွဲမကြုံစေမယ့် ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က