အယ်လ်နာဆာနဲ့ပွဲမှာ တဦးတည်း လေးဂိုးအထိသွင်းပြီး စူပါဟက်ထရစ်ရယူနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ အသင်းက နောက်ထပ်သွင်းဂိုးတဂိုးရယူနိုင်မယ့် အခွင့်အရေးကို အသင်းဖြစ်သူလွဲချော်ခဲ့တဲ့နောက် အဆုံးသတ်ပိုင်းအားနည်းမှုအတွက် တော်တော်လေးမချင့်မရဲဖြစ်နေခဲ့ပြီး ပေါက်ကွဲခဲ့ကာ သူ့ရဲ့ စိတ်အားထက်သန်မှုကို ပြသသွားခဲ့ပါတယ်။
ပေါ်တူဂီဂန္ထဝင်တိုက်စစ်မှူးဟာ ဆော်ဒီလိဂ်သမိုင်းမှာ တပွဲတည်း ၄ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် မတူညီတဲ့ လိဂ် ၅ ခုမှာ အသင်း ၅ သင်းနဲ့အတူ သူက လိဂ်ဂိုးပေါင်း ၅၀၃ ဂိုးအထိ ရရှိခဲ့ပြီး ဟက်ထရစ်စုစုပေါင်း ၆၁ ကြိမ်အထိ ပိုင်ဆိုင်ခဲ့သလို ၄ဂိုးနဲ့အထက်သွင်းယူနိုင်တဲ့ ပွဲပေါင်း ၁၁ ပွဲရှိခဲ့ပြီး သူက အများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
တွစ်တာမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုအရ ရော်နယ်ဒိုဟာ အသင်းအတွက် ပထမဆုံးဂိုးကို သွင်းယူနိုင်အပြီးမှာ လက်သီးလက်မောင်းတန်းကာ အားပါးတရအောင်ပွဲခံသွားခဲ့ပါတယ်။ ဒီနောက် ပွဲကစားချိန် မိနစ် ၉၀ မှာ အယ်လ်နာဆာက ထပ်မံတိုက်စစ်ဆင်လာခဲ့ပြီး ရော်နယ်ဒိုက သူ ဘောလုံးရချိန်မှာ အနောက်က ပြေးတက်လာတဲ့ အသင်းဖော်ရဲ့ ပြေးလမ်းကြောင်းထဲ ချပေးခဲ့ပါတယ်။
ဒါပေမယ့် အသင်းဖော်က အခွင့်အရေးကို အသုံးမချနိုင်ခဲ့ဘဲ ဘောလုံးက ဂိုးလွန်ဘောအဖြစ်နဲ့သာ အဆုံးသတ်သွားခဲ့ရပါတယ်။ ရော်နယ်ဒိုဟာ ဒီအခွင့်အရေးအတွက် မြက်ခင်းပေါ်မှာ ခေါင်းငိုက်စိုက်ကျပြီး မချင့်မရဲဖြစ်နေခဲ့ပါတယ်။ ဒီမြင်ကွင်းကို ကြည့်ရှုပြီးနောက် သူ့ရဲ့ စိတ်အားထက်သန်မှုပြင်းပြတဲ့အပေါ်မှ အားလုံးက အသိအမှတ်ပြုခဲ့ကြပြီး ကျန်ကစားသမားတွေအတုယူရမယ့် အပြုအမူမျိုးလို့လည်း ပြောဆိုခဲ့ကြပါတယ်။