ဝက်ဖို့ဒ်နည်းပြ ရာနီရေးရီက ယူနိုက်တက်က အထုတ်ခံလိုက်ရပြီဖြစ်တဲ့ နည်းပြဆိုးလ်ရှားရဲ့ အနာဂတ်အတွက် အခုထက်အချိန်ပိုမိုပေးဖို့ လိုအပ်ကြောင်း၊ ဆိုးလ်ရှားကိုယ်တိုင်ရော၊ အသင်းဥက္ကဌကိုယ်တိုင်ရော ဒီကိစ္စကို စိတ်အေးအေးထားဆုံးဖြတ်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ ယူနိုက်တက်က ဆိုးလ်ရှားကို ရာထူးက ထုတ်ပယ်လိုက်ပြီဖြစ်ပြီး ရာသီကုန်အထိ ကိုင်တွယ်မယ့် ယာယီနည်းပြရှာမတွေ့ခင်အထိ ကာရစ်ကို တာဝန်ယူကိုင်တွယ်စေမှာပါ။
ရာနီရေးရီရဲ့ ဝက်ဖို့ဒ်ကတော့ မနေ့ညက အထူးခြေစွမ်းပြခဲ့ပြီး ဂျိုရှူအာကင်း၊ အစ္စမေလ်ဆားလ်၊ ယာအိုပတ်ဒရိုနဲ့ ဒန်းနစ်တို့ရဲ့ ဂိုးတွေနဲ့အတူ ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အဲ့ဒီပွဲအပြီး အဝေးကွင်းကို လိုက်ပါအားပေးတဲ့ ယူနိုက်တက်ပရိသတ်တွေဟာ ဆိုးလ်ရှားကို လှောင်ပြောင်ခဲ့ကြပေမယ့် ရာနီရေးရီကတော့ ဆိုးလ်ရှားဘက်ကနေ ထောက်ခံ ပြောကြားခဲ့ပါသေးတယ်။ ရာနီရေးရီက “ကျနော့်အထင် ဆိုးလ်ရှားအနေနဲ့ စိတ်ကိုအေးအေးထားသင့်ပါတယ်။ အသင်းဥက္ကဌလည်း အတူတူပါပဲ”
“ဘာလို့လဲဆိုတော့ ဘောလုံးလောကမှာ နိမ့်မြင့်တက်ကျဆိုတာ အမြဲရှိတယ်လေ။ ယူနိုက်တက်လို အသင်းမျိုးက နိမ့်မြင့်တက်ကျတွေနဲ့ ရင်ဆိုင်လို့မရဘူးဆိုတာ ကျနော် နားလည်ပါတယ်။ ဒါပေမယ့် ဆိုးလ်ရှားအတွက် သူလိုချင်တဲ့အတိုင်း အသင်းကိုတည်ဆောက်ဖို့ အချိန်လိုအပ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဝက်ဖို့ဒ်ကို ရှုံးနိမ့်ပြီးတဲ့နောက် အမှတ်ပေးဇယားထိပ်ဆုံးက ချဲလ်ဆီးနဲ့ (၁၂) မှတ် ကွာဟသွားပေမယ့် ဇယားအောက်ဆုံးက နယူးကာဆယ်နဲ့ (၁၁) မှတ်သာ ကွာဟတော့တာလည်းဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လာမယ့်ပွဲစဥ်တွေမှာ အရေးကြီးပွဲစဥ်တွေအဖြစ် ဗီလာရီးရဲယ်နဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲ၊ ပရီးမီးယားလိဂ်မှာလည်း ချဲလ်ဆီး၊ အာဆင်နယ်တို့နဲ့ ဆက်တိုက်ကစားသွားရတော့မှာပါ။