Xiaomi ရဲ့ ပထမဆုံး Leica ကင်မရာဖုန်းတွေကို လာမယ့်အပတ်ထဲ မိတ်ဆက်သွားတော့မှာပါ။
Xiaomi နဲ့ ဂျာမန်ကင်မရာကုမ္ပဏီ Leica တို့ဟာ ပြီးခဲ့တဲ့မေလကပဲ ရေရှည်ဗျူဟာမြောက်လက်တွဲမှုတစ်ခု လုပ်ဆောင်လိုက်ကြောင်း ကြေညာခဲ့တာပါ။ ဒီကြေညာချက်နဲ့အတူ Leica အမှတ်တံဆိပ်ပါ Xiaomi ဖုန်းတွေ ထွက်တော့မယ်ဆိုတဲ့ သတင်းအတည်ပြုချက်တွေ ကြားလာခဲ့ရတာ ဖြစ်ပါတယ်။ Xiaomi ဖုန်းတွေထဲမှာ Leica ကင်မရာနည်းပညာကို Xiaomi 12S Series မှာ ပထမဆုံး သုံးမယ်လို့လည်း သိရပြီ ဖြစ်ပါတယ်။
Xiaomi 12S စီးရီးမှာ Xiaomi 12S ၊ Xiaomi 12S Pro နဲ့ Xiaomi 12S Ultra ဆိုပြီး မော်ဒယ် ၃ မျိုး ပါဝင်မှာပါ။ ဒီဖုန်းသစ်တွေကို လာမယ့် ဇူလိုင် ၄ ရက်နေ့ တရုတ်ဈေးကွက်မှာ စတင်မိတ်ဆက်သွားဖို့လည်း စီစဉ်ထားပါတယ်။ Xiaomi 12S စီးရီးသုံးမျိုးဟာ Flagship စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတွေ ဖြစ်ပြီး Xiaomi 12S ကတော့ အရွယ်အစား အသေးဆုံးဖြစ်မှာပါ။
Xiaomi 12S Pro ဟာ ပိုပြီး ပရီမီယံကျပြီး 12S Ultra ကတော့ မော်ဒယ်သုံးမျိုးမှာ မိုဘိုင်းလ်ဓါတ်ပုံနည်းပညာပိုင်း Flagship အကျဆုံးမော်ဒယ်အဖြစ် မြင်တွေ့ရဖို့ ရှိပါတယ်။ လောလောဆယ် တွေ့ရတဲ့ Teaser ပုံအရ Xiaomi 12S ဖုန်းသစ်တွေဟာ ကျောဘက်မှာ ကြီးမားတဲ့ကင်မရာအိမ်နဲ့ ထွက်လာမယ်လို့ ပြောနိုင်ပါတယ်။ Xiaomi 12S Ultra မော်ဒယ်ဟာ အစောပိုင်းက Xiaomi 12 Ultra အဖြစ် သတင်းပြေးနေတဲ့ ဖုန်းဖြစ်ပြီး Snapdragon 8 Plus Gen 1 Processor ၊ ၆.၇ လက်မဆိုဒ် QHD+ 12Hz LTPO OLED Display ၊ 50W Wireless Charging ပါ 4800mAh ဘက်ထရီ ၊ RAM 8GB/12GB နဲ့ 256GB/512GB ဆိုပြီး Storage Options တွေနဲ့ လာမယ်လို့ ဆိုပါတယ်။
ကင်မရာပိုင်းမှာ Optical Image Stabilization ရုပ်ငြိမ်စနစ်ပါ 50MP Main ကင်မရာ ၊ 48MP Ultrawide ကင်မရာ ၊ 48MP 5x Periscope ကင်မရာ ၊ ToF (Time-of-Flight Sensor) နဲ့ Laser Focus စနစ်တို့ ပါဝင်ဖို့ ရှိပါတယ်။ Xiaomi အနေနဲ့ High-End ကင်မရာစွမ်းရည်မြင့်စမတ်ဖုန်းတွေကို အသေအချာပွဲထုတ်လာတော့မှာ ဖြစ်ပါတယ်။