ရာမို့စ်က မက်ဆီကို ကစားပုံကြမ်းတမ်းခဲ့တာပါ။

ပီအက်စ်ဂျီရဲ့ လေ့ကျင့်ခန်းအစီအစဥ်တခုမှာ မက်ဆီတယောက် ရာမို့စ်ကို ဒေါသထွက်ခဲ့ဟန်ရှိပြီး ဒါဟာလည်း ရာမို့စ်ရဲ့ မလိုလားအပ်ဘဲ ကြမ်းတမ်းတဲ့ ကစားပုံကြောင့်လို့ဆိုပါတယ်။ ပီအက်စ်ဂျီဟာ မနေ့က ဂမ်ဘာအိုဆာကာနဲ့ ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ ၆-၂ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ဒီပွဲမှာ မက်ဆီလည်း ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။



ဒါပေမယ့် အဲ့ဒီပွဲမတိုင်ခင်ကာလလို့ ယူဆရတဲ့ လေ့ကျင့်ခန်းအစီအစဥ်တခုမှာ မက်ဆီက ရာမို့စ်ရဲ့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတာပါ။ တဖက် (၆) ယောက်စီ ခွဲကစားခဲ့တဲ့ ပွဲငယ်တပွဲမှာ မက်ဆီတယောက် ဂိုးမသွင်းခင် ရာမို့စ်ကို လှည့်အထွက်၊ ရာမို့စ်က မက်ဆီရဲ့ ခြေထောက်ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ထုတ်သလိုမျိုးဖြစ်ခဲ့ပါတယ်။



မက်ဆီကတော့ မလဲကျသွားဘဲ ဂိုးဝင်တဲ့အထိ ကန်သွင်းလိုက်နိုင်ပေမယ့် ရာမို့စ်ကို ချက်ချင်းပြန်လှည့်ကြည့်ပြီး မကျေမနပ်ဖြစ်ခဲ့ပါတယ်။ ရာမို့စ်ကတော့ မက်ဆီရဲ့ခေါင်းကိုလက်နဲ့ကိုင်ရင်း တစုံတခုပြောဆိုကာ ဖျောင်းဖျနေဟန်ရှိတာကိုလည်း ရုပ်သံဖိုင်ထဲမှာ မြင်တွေ့ခဲ့ရပါတယ်။

ဒီကစားသမားနှစ်ယောက်က စပိန်မြေမှာ အယ်လ်ကလက်စီကိုပြိုင်ဘက်တွေအဖြစ် ကာလရှည်ရင်ဆိုင်ခဲ့ကြတာပါ။ ဒါပေမယ့် ပီအက်စ်ဂျီကိုအရောက်မှာတော့ နှစ်ယောက်အကြား အဆင်ပြေတဲ့ ဆက်ဆံရေးကို မြင်တွေ့ခဲ့ရပါတယ်။

ပီအက်စ်ဂျီရဲ့ ဒီနွေရာသီအတွက် ပထမဆုံးရာသီကြိုခြေစမ်းပွဲမှာလည်း မက်ဆီကြောင့် ရရှိတဲ့ ပင်နယ်တီကို ရာမို့စ်ပေးကန်ခဲ့ပြီး နှစ်ယောက်အတူတူ အောင်ပွဲခံနိုင်ခဲ့ကြပါသေးတယ်။ အခု ဗီဒီယိုမှာတော့ ရာမို့စ်က ရီးရဲလ်မက်ဒရစ်ကစိတ်ဓာတ်၊ မက်ဆီက ဘာစီလိုနာကစိတ်ဓာတ်တွေ ပြန်ဝင်သွားခဲ့တယ်လို့လည်း ပရိသတ်တွေက မှတ်ချက်ပြုနေကြပါတယ်။ 

Share

Loading Next Article...
က္က