မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မှူးရော်နယ်ဒိုဟာ လေ့ကျင့်ခန်းအစီအစဉ်တွေအပြီး Gym ကို သွားရောက်ပြီး အပိုလေ့ကျင့်မှုတွေကို ပုံမှန်ပြုလုပ်နေသူဖြစ်ပါတယ်။ ဒီလိုပြုလုပ်နေရာမှာ Gym မှာ သူ တဦးတည်းရှိနေတဲ့အပေါ် အံ့ဩမိနေတယ်လို့ Daily Mail က ဖော်ပြခဲ့ပြီး အသင်းဖော်တွေရဲ့ ကြိုးစားအားထုတ်မှုနည်းပါးနေတဲ့ အပေါ် ရော်နယ်ဒိုက အားမလိုအားမရဖြစ်နေကြောင်းလည်း ဆိုပါတယ်။
ရော်နယ်ဒိုက "ကျနော် အသက် ၁၈ နှစ်တုန်းကဆိုရင် စီနီယာကစားသမားတွေပြောတဲ့ အကြံပေးမှုကို လိုက်နာပြီး ကြိုးစားခဲ့ရတာပါ၊ သူတို့မှာ အတွေ့အကြုံတွေလည်း အများကြိးရှိတယ်လေ၊ ဒီနေ့ခေတ်လူငယ်ကစားသမားတွေကတော့ အကြံပေးရင်တောင်မှ သူတို့သိပ်မကြိုက်ချင်တော့ဘူး၊ ကျနော့်မှာလည်း ကလေးတွေရှိတော့ နားလည်ပါတယ်၊ ဒီနေ့ခေတ်ကလေးတွေက ဒါဆိုရင် ဟိုဟာလုပ်ချင်နေတာပါ"
"ဒီတော့လူငယ်ကစားသမားတွေအနေနဲ့ အသင်းကို ကူညီချင်တယ်ဆိုရင်တော့ ကိုယ့်ကိုကိုယ်ပြန်ကြည့်ပြီး ဘာတွေတိုးတက်အောင်လုပ်နိုင်မလဲဆိုတာပဲ တွေးရတော့မှာပါ၊ ကျနော်တို့အသင်းကလို့တော့ ကျနော်မပြောချင်ပါဘူး၊ ဒါက ဒီနေ့မျိုးဆက်မှာဖြစ်နေတဲ့ ယေဘုယျပြသနာတခုပါ၊ သူတို့ကိုပြောမယ်ဆိုရင် အခြေအနေနဲ့ အချိန်အခါကို ကြည့်ရတော့တာပဲ" လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
အသက် ၃၆ နှစ်အရွယ် ပေါ်တူဂီကြယ်ပွင့်ဟာ အသင်းလေ့ကျင့်ခန်းအစီအစဉ်တွေပြီးတိုင်း Gym မှာ အပိုလေ့ကျင့်မှုတွေကို အမြဲတမ်းပြုလုပ်လေ့ရှိသူဖြစ်ပါတယ်။ ဒီအတွက်ကြောင့်လည်း လက်ရှိအသက်အရွယ်အထိ အကောင်းဆုံးခန္ဓာကိုယ်ပုံစံနဲ့ ကစားနေနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။