နည်းပြသစ်ဂဲလ်တီယာက စည်းကမ်းသစ်တွေ ချမှတ်ထားတာပါ။

ပီအက်စ်ဂျီနည်းပြသစ်ဖြစ်လာတဲ့ ဂဲလ်တီယာကတော့ အသင်းသစ်မှာ ပြင်းထန်တဲ့ စည်းမျဉ်းဥပဒေတွေကို ချမှတ်ပြီး တင်းတင်းကြပ်ကြပ်ကိုင်တွယ်မှုတွေကို ပြုလုပ်နေပြီဖြစ်ပါတယ်။ ပေါ်တူဂီသတင်းစာ Record ရဲ့ ဖော်ပြချက်အရ ဂဲလ်တီယာက မက်ဆီ၊ နေမာ၊ ဘတ်ပီတို့အပါအဝင် အသင်းကစားသမားအားလုံးကို စားသောက်နေချိန်အတွင်း ဖုန်းလုံး၀အသုံးမပြုဖို့ တားမြစ်ထားတယ်လို့ သိရပါတယ်။ 

ပိုချက်တီနိုရဲ့ နေရာကို အစားဝင်လာခဲ့ကာ ပီအက်စ်ဂျီကို ဥရောပအောင်မြင်မှုရယူပေးရမယ့် ဂဲလ်တီယာက နာမည်ကျော်ကစားသမားတွေနဲ့ ပြည့်နှက်နေတဲ့အသင်းကို ဂရုပြုကိုင်တွယ်ရဖို့ရှိနေပါတယ်။ နိုက်စ်နည်းပြဟောင်းကတော့ အသင်းသစ်မှာ အချိန်ဖြုန်းမနေဘဲ သူ့ရဲ့ ဩဇာလွှမ်းမိုးနိုင်ဖို့အတွက် ချက်ချင်းပြုလုပ်နေပြီး ကစားသမားတွေအပေါ် တားမြစ်ကန့်သတ်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ 

ဒါ့အပြင် မက်ဆီ၊ နေမာနဲ့ ဘတ်ပီတို့ကို အချိန်တချို့ကလွဲရင် ကျန်အချိန်တိုင်းမှာ အသင်းဖော်တွေနဲ့ အတူတကွစားသောက်ဖို့လည်း ညွှန်ကြားထားပြီး အသင်းတွင်း ပိုမိုကောင်းမွန်တဲ့ စုဖွဲ့မှု၊ စည်းလုံးမှုနဲ့ ရင်းနှီးမှုတွေရရှိဖို့ စည်းကမ်းသစ်အဖြစ် ချမှတ်ခဲ့တာလို့သိရပါတယ်။ ကမ္ဘာကျော်ကစားသမားတွေနဲ့ အခြားအသင်းသားတွေကြား ဆက်ဆံရေးကို ကောင်းမွန်စေဖို့ ရည်ရွယ်တာလည်းဖြစ်ါတယ်။ 

နောက်ထပ် ပြင်းထန်တဲ့စည်းကမ်းချက်ကတော့ ကစားသမားအားလုံးဟာ မနက် ၈း၃၀ နာရီကနေ ၈း၄၅ နာရီအတွင်း လေ့ကျင့်ကွင်းကို ရောက်ရှိလာရမယ်ဆိုတာပဲဖြစ်ပါတယ်။ အချိန်တမိနစ်လေးနောက်ကျတဲ့ ဘယ်သူပဲဖြစ်ဖြစ် အသင်းနဲ့အတူ လေ့ကျင့်ခွင့်မရဘဲ အိမ်ကို ပြန်ပို့ခံရမှာဖြစ်တယ်လို့လည်း Record က ရေးသားဖော်ပြခဲ့ပါတယ်။ 

အသက် ၅၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂဲလ်တီယာဟာ ကိုယ်တိုင်က ကစားသမားဟောင်းတဦးဖြစ်ပြီး ပြင်သစ်ကလပ်အများအပြားမှာ ကစားခဲ့ဖူးသူဖြစ်ပါတယ်။ နည်းပြအဖြစ် မာဆေးလ်၊ ဘတ်စတီယာ၊ စိန့်အက်တီယန်၊ လိုင်လီ၊ နိုက်စ်တို့ကို ကိုင်တွယ်ခဲ့ပြီး လိုင်လီနဲ့အတူ လီဂူးအမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ စိန့်အက်တီယန်နဲ့လည်း ပြင်သစ်လိဂ်ဖလားကို ဆွတ်ခူးခဲ့ပြီး ပြင်သစ်လိဂ်တနှစ်တာအကောင်းဆုံးနည်းပြဆုကို ၃ ကြိမ် ဆွတ်ခူးဖူးသူဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က