ယူနိုက်တက်နည်းပြသစ်တန်ဟက်ဂျ်ကတော့ အသင်းလေ့ကျင့်ရေးကွင်းမှာ ကစားသမားတွေကို ပြင်းပြင်းထန်ထန်မောင်းနှင်မှုတွေ ပြုလုပ်နေပြီး စွမ်းဆောင်ရည်ညံ့ဖျင်းတဲ့သူတွေကိုလည်း သတိပေးပြောဆိုမှုတွေ ပြုလုပ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ တန်ဟက်ဂျ်နဲ့ လက်ထောက်နည်းပြမက္ကလာရင်တို့ဟာ ယူနိုက်တက်ကို ဆာမတ်ဘက်စ်ဘီနဲ့ ဆာအဲလက်စ်ဖာဂူဆန်တို့ခေတ်ကလိုမျိုး တိုက်စစ်ကစားဟန်ပြန်လည်အသက်သွင်းချင်နေတယ်လို့လည်း ဆိုပါတယ်။
ယူနိုက်တက်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး The Sun က ဖော်ပြခဲ့ရာမှာတော့ တန်ဟက်ဂျ်က ဘောလုံးဘေးတိုက်ပေးတာ၊ နောက်ပြန်ပေးတာမျိုးကို သည်းမခံနိုင်ဘူးလို့ ပြောဆိုထားကြောင်း ဆိုပါတယ်။ ဒါ့အပြင် ကစားသမားတွေက ကြံ့ခိုင်မှုတိုးတက်လာအောင် လုပ်ဆောင်ရမှာဖြစ်ပြီး ပြီးခဲ့ရာသီမှာအားနည်းခဲ့တဲ့ body language ပိုင်းကိုလည်း မြှင့်တင်ရဖို့ရှိနေပါတယ်။
အသင်းအဝတ်လဲခန်းအတွင်းမှာ လုံး၀သန့်ရှင်းတောက်ပြောင်နေရမှာဖြစ်သလို လူငယ်ကစားသမားတွေအနေနဲ့ အထင်ကြီးမှုရရှိဖို့နဲ့ စီနီယာကစားသမားတွေနေရာမှာ အစားထိုးဝင်ကစားဖို့ အခွင့်အရေးရှိတယ်လို့ အတိအလင်းပြောဆိုထားကြောင်းလည်း သိရပါတယ်။ နာမည်ကျော်ကစားသမားတွေရဲ့ အောင်မြင်မှုနဲ့လစာငွေကို သူကထည့်တွက်မှာမဟုတ်ဘဲ လေ့ကျင့်ရေးကွင်းက စွမ်းဆောင်ရည်ပေါ်မူတည်ပြီးတော့သာ လူစာရင်းကို ဆုံးဖြတ်သွားဖို့လည်း ရှိတယ်လို့ ဆိုပါတယ်။
တန်ဟက်ဂျ်က လေ့ကျင့်ရေးကွင်းမှာ ဘောလုံးဘေးတိုက်ပေးတာ၊ နောက်ကိုခဏခဏပြန်ပေးတာမျိုးလုပ်တဲ့ကစားသမားရှိလာရင် ပွဲကိုချက်ချင်းရပ်ပစ်ကာ အဆိုပါကစားသမားကို တမိနစ် ဒါမှမဟုတ် နှစ်မိနစ်လောက် ဘေးမှာပဲ ထိုင်ခိုင်းထားတယ်လို့ ဆိုပါတယ်။ လေ့ကျင့်ရေးကွင်းမှာ ပင်ပန်းကြမ်းတမ်းနေပေမယ့် ကစားသမားတွေက ပျော်ရွှင်နေတယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်ကပြောဆိုခဲ့ပြီး တချက်ထိအမြန်ပေးကစားဟန်၊ တိုက်စစ်ကိုပိုမိုလိုက်ပါဖို့ စဉ်းစားတွေးတောမှုတွေကို အသေအချာပြင်ဆင်ထားတယ်လို့လည်း သိရပါတယ်။
တချို့ကစားသမားတွေကတော့ ဒီကစားဟန်မှာ လိုက်မီဖို့အတွက် ခက်ခဲနေပေမယ့် တန်ဟက်ဂျ်က သူ့နည်းပြအဖွဲ့ဝင်တွေကို အနီးကပ်ကြီးကြပ်ခိုင်းကာ အားပေးမှုတွေလုပ်ခိုင်းခဲ့ပြီး အကယ်ဒမီက ကစားသမားတွေကိုလည်း ခေါ်ယူကာ အသင်းကြီးကစားသမားတွေနဲ့ တိုက်ရိုက်စိန်ခေါ်စမ်းသပ်မှုမျိုးတွေကိုလည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။