ရော်နယ်ဒိုကို တော်တော်လေးကျေးဇူးတင်နေတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းမှာ သူ့ကိုတိုးတက်အောင် ရော်နယ်ဒိုက ကူညီပေးခဲ့တယ်လို့ လူငယ်တိုက်စစ်မှူးအီလန်ဂါက ပြောဆိုလိုက်ပါတယ်။ ဆွီဒင်လက်ရွေးစင်အသင်းကြီးရဲ့ ခေါ်ယူမှုကိုပါ ခံယူရတဲ့အထိ တိုးတက်လာခဲ့တဲ့ အီလန်ဂါဟာ ယူနိုက်တက်အသင်းကြီးမှာလည်း နည်းပြရန်းဂ်နစ်ခ်ရဲ့ ယုံကြည်မှုကို ရယူထားနိုင်ခဲ့ကာ မကြာခဏဆိုသလို ပွဲထွက်ကစားနေရပြီလည်းဖြစ်ပါတယ်။ 

ဆွီဒင်က ချက်ကို အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားပလေးအော့ပွဲစဉ်မှာလည်း အီလန်ဂါက အချိန်အနည်းငယ်ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ ယူနိုက်တက်တရားဝင်ဝက်ဘ်ဆိုက်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ အီလန်ဂါက "ရော်နယ်ဒိုဆီက စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုရတာ အရမ်းကောင်းပါတယ်၊ ကျနော်လေ့ကျင့်ကွင်းကိုစောစောသွားတိုင်း သူ့ကို အဲဒီမှာတွေ့ရတယ်၊ ပွဲမတိုင်ခင်တရက်ဆိုရင် ပွဲအကြောင်း ဒါမှမဟုတ် လေ့ကျင့်ရေးအကြောင်း ကျနော်တို့ စကားပြောဖြစ်တယ်"

"သူက အရမ်းကောင်းတဲ့ လူပါ၊ ကွင်းထဲမှာတင်ပဲမဟုတ်ဘူး၊ ကွင်းပြင်မှာလည်း သူက အဲဒီလိုပါပဲ၊ ကျနော်တို့လို လူငယ်ကစားသမားတွေက သူနဲ့စကားပြောဆိုပြီး အကူအညီတွေလိုအပ်ပါတယ်၊ သူက သူ့ဘေးနားက လူတွေအတွက်တော့ တကယ်ကောင်းတဲ့လူတယောက်ပါ၊ လေ့ကျင့်ကွင်းမှာဆို ကျနော့်ကို နေ့တိုင်း အများကြီးကူညီပေးတယ်၊ နည်းစနစ်ပိုင်းဆိုင်ရာတင်မဟုတ်ဘူး၊ နည်းဗျူဟာပိုင်းတွေကိုပါ သူက ပြောပြီး အကြံပေးတယ်၊ ကျနော့်အတွက် အများကြီးအထောက်အကူဖြစ်ခဲ့ပါတယ်" လို့ ဆိုပါတယ်။ 

အီလန်ဂါကတော့ ဆွီဒင်လက်ရွေးစင်အသင်းမှာလည်း ဝါရင့်ကစားသမားကြီးတဦးဖြစ်တဲ့ ဇလာတန်နဲ့ အသင်းဖော်တွေဖြစ်နေခဲ့ပါပြီ။ ယူနိုက်တက်မှာ အသက်အကြီးဆုံးကစားသမားဖြစ်တဲ့ ရော်နယ်ဒိုနဲ့ တွဲဖက်ရပြီး ဆွီဒင်မှာတော့ အသက် ၄၀ အရွယ် ဇလာတန်နဲ့ အသင်းဖော်တွေအဖြစ် ရှိနေခဲ့တာက သူ့အတွက်တော့ ထူးထူးခြားခြားအမှတ်ရစရာဖြစ်လာခဲ့ပါတယ်။ 


Share

Loading Next Article...
က္က