တစ်ကမ္ဘာလုံးဟာ လာမယ့် တနင်္ဂနွေနေ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အပြာနဲ့ အဖြူစပ်ထားတဲ့ အာဂျင်တီးနားဝတ်စုံနဲ့အတူ လီယွန်နယ် မက်ဆီ ကွင်းထဲ ဝင်လာမှာကို စောင့်မျှော်နေတာဖြစ်ပြီး အဲဒီပွဲစဉ်ဟာ အာဂျင်တီးနားကြယ်ပွင့်ရဲ့ကစားသမားဘဝမှာ အကြီးမားဆုံးပွဲစဉ်တစ်ပွဲဖြစ်လာမြှဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၅ ကြိမ်မြောက် ပါဝင်ကစားပေးရင်း ပထမဆုံးနဲ့ နောက်ဆုံး ကမ္ဘာ့ဖလားဖြစ်နိုင်တဲ့ နိုင်ငံတကာဆုဖလားကြီးကို ရယူသွားနိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအတွက် သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်ပေးထားခဲ့ပြီးဖြစ်ပြီး ဒီဇင်ဘာ ၁၈ ရက်နေ့မှာသာ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့မယ်ဆိုရင် တသက်တာအကောင်းဆုံးကစားသမားအဖြစ် မှတ်ကျောက်တင်ခံရတော့မှာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ သောကြာနေ့ လေ့ကျင့်ရေးကို လွဲချော်ခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတာကြောင့် အာဂျင်တီးနားပရိသတ်တွေဟာ စိုးရိမ်ပူပင်ခဲ့ရပြီး Mirror ရဲ့ ဖော်ပြချက်အရ မက်ဆီဟာ ခရိုအေးရှားနဲ့ပွဲအပြီးမှာ တံကောက်ကြောကို လက်နဲ့စမ်းရင်း ကသိကအောင့်ပုံစံနဲ့ ကွင်းထဲကနေ ထွက်ခွာသွားတာ မြင်တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ လီယွန်နယ် မက်ဆီအနေနဲ့ ဘယ်လို ဒဏ်ရာမျိုး ရရှိသွားတယ်ဆိုတဲ့ ခိုင်မာတဲ့သတင်းမျိုး ထွက်ပေါ်ခဲ့ခြင်းမရှိပေမယ့်လည်း မီဒီယာအများအပြားက ဆီမီးဖိုင်နယ်ကစားခဲ့တဲ့ ကစားသမားတွေဟာ ပြန်လည်အနားယူဖို့ အချိန်ကာလတိုးမြှင့်သတ်မှတ်ပေးခြင်းခံခဲ့ရတာကြောင့် မက်ဆီအနေနဲ့ လေ့ကျင့်ရေးနားပြီး အားကစားခန်းမထဲမှာသာ ကြံ့ခိုင်ရေးအစီအစဉ်တွေကို လုပ်ဆောင်နေခဲ့တာဖြစ်နိုင်ပါတယ်။
အာဂျင်တီးနားဂိုးသမား အီမီလီယာနို မာတီနက်ဇ်ကလည်း အစောပိုင်းမှာ လီယွန်နယ် မက်ဆီ ဒဏ်ရာရရှိထားတယ်ဆိုတဲ့ သတင်းတွေကို ငြင်းပယ်ခဲ့တာဖြစ်ပြီး "မဟုတ်ပါဘူး။ မဟုတ်ဘူး။ ကျွန်တော်တို့ နယ်သာလန်နဲ့ မိနစ် ၁၂၀ ကစားခဲ့တယ်။ အဲဒါက သူ့အတွက် ခက်ခဲတဲ့ပွဲဖြစ်ခဲ့ပေမယ့် သူ ပွဲတိုင်းကို ပြီးတဲ့ထိ ကစားချင်တာကို ခင်ဗျား မြင်နိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရ သူက တကယ်ကောင်းမွန်နေပြီး သူက ပွဲစဉ်တိုင်းရဲ့ အကောင်းဆုံးကစားသမားပါ"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။