လီဗာပူးလ်ပရိသတ်တွေဟာ ၃ ကိုက်အကွာကနေ ပိတ်သွင်းယူခဲ့တဲ့ ဂိုးကို လွဲချော်ခဲ့တဲ့ မန်စီးတီးတိုက်စစ်မှူးဟာလန်းရဲ့ လေ့ကျင့်ရေးကွင်းက ဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေမှုတွေပြုလုပ်ကာ လှောင်ပြောင်နေကြတယ်လို့ Sportbible က ဖော်ပြခဲ့ပါတယ်။ တွစ်တာမှာ ဖော်ပြနေကြတာဖြစ်ပြီး တိုင်ထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို ဟာလန်းက ပိတ်သွင်းယူရာမှာ ဂိုးသမားက ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။
"၃ ကိုက်အကွာက ဘောလုံးကို ဘယ်လိုများလွဲချော်တာပါလိမ့်" လို့ ဆိုကာ သီယာဂိုအယ်လ်ကာတန်ရာရဲ့ပုံကို Profile အဖြစ်တင်ထားတဲ့ တွစ်တာအကောင့်က မျှဝေခဲ့ပါတယ်။ ဒါဟာ လီဗာပူးလ်တိုက်စစ်မှူးသစ်ဒါဝင်နူနက်ဇ်ကို ဝေဖန်မှုတွေ အများအပြားပြုလုပ်ခံရပြီးနောက်မှာ ထွက်ပေါ်လာခဲ့တာလည်းဖြစ်တယ်လို့ Sportbible က ရေးသားထားတာကို တွေ့ရပါတယ်။
နူနက်ဇ်ကတော့ လီဗာပူးလ်ရဲ့ ရာသီကြိုခြေစမ်းပွဲတွေမှာ တော်တော်လေးဆိုးရွားတဲ့ လွဲချော်မှုကို ရင်ဆိုင်ခဲ့ရသူဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်၊ ပဲလေ့စ်တို့နဲ့ပွဲတွေမှာ အပိုင်အခွင့်အရေးတွေကို လွဲချော်ခဲ့လို့ ယူရိုသန်း ၁၀၀ တန်တိုက်စစ်မှူးဟာ ဝေဖန်မှု၊ လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်နေခဲ့ရပြီး အသင်းဖော်တွေ၊ နည်းပြယာဂင်ကလော့ပ်နဲ့ လီဗာပူးလ်ဂန္ထဝင်ကစားသမားတွေကိုယ်တိုင်က ကာကွယ်ပေးနေရတာလည်းဖြစ်ပါတယ်။
ဟာလန်းကလည်း နူနက်ဇ်နည်းတူ ဒီရာသီမှာမှ အသင်းသစ်ကို ရောက်ရှိလာခဲ့သူဖြစ်ကာ မန်စီးတီးနဲ့အတူ ခြေစွမ်းပြနိုင်မယ့် တိုက်စစ်မှူးအဖြစ် ယူဆခံနေရတာဖြစ်ပါတယ်။ ဒါပေမယ့် လေ့ကျင့်ရေးကွင်းမှာ သူ့ရဲ့ လွဲချော်မှုတွေရှိလာခဲ့တဲ့နောက် လီဗာပူးလ်ပရိသတ်တွေက ပြန်လည်လှောင်ပြောင်မှုတွေပြုလုပ်ခဲ့ကြပြီး ဒါဝင်နူနက်ဇ်မှမဟုတ်ဘဲ ဟာလန်းလိုကစားသမားတောင်မှ လွဲချော်နေတယ်လို့ အားလုံးကို သိစေချင်ဟန်ရှိတယ်လို့လည်း ယူဆရပါတယ်။