အဲရစ် တန်ဟက်လက်အောက်မှာ အလုပ်လုပ်ခဲ့ဖူးတဲ့ကစားသမားက ၎င်းရဲ့အသင်းဖော်တွေဟာ တန်ဟက်က လေ့ကျင့်ရေးမှာ ၁၁ ယောက်နဲ့ တစ်ယောက်မှ မပါတဲ့ လေ့ကျင့်ရေးကို မိတ်ဆက်ခဲ့ပြီးနောက် ရူးသွားပြီလို့ ထင်ခဲ့ကြတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
ဒတ်ချ်ကလပ် ဂိုး အီးဂဲလ်စ်အသင်းမှာ ကစားခဲ့တဲ့ ကာလအတွင်း တန်ဟက် လက်အောက်မှာ အလုပ်လုပ်ခဲ့တဲ့ ရှိုးရက် အိုးဗာဟော်က မန်ချက်စတာယူနိုက်တက်နည်းပြအကြောင်းနဲ့ နည်းစနစ်တွေကို အင်တာဗျူးမှာ ဖွင့်ဟခဲ့ပါတယ်။ အသက် ၃၄ နှစ်အရွယ် ကွင်းလယ်ခံစစ်ကစားသမားဟာ တန်ဟက်ရဲ့ ကွင်းတွင်း၊ ကွင်းပြင် စံသတ်မှတ်တဲ့ပုံစံအကြောင်း ပြောကြားခဲ့သလို ဒီ အားဒလာရှော့အသင်းမှာ နည်းပြ ဘဝစတင်ချိန်ကတည်းက အလွန်စည်းကမ်းတင်းကြပ်သူဖြစ်ခဲ့တဲ့အကြောင်းလည်း ဖွင့်ဟခဲ့တာဖြစ်ပါတယ်။
ဒီအကြောင်းတွေအပြင် တန်ဟက်ရဲ့ ထူးဆန်းတဲ့ လေ့ကျင့်ရေး နည်းစနစ်တွေကို အသေးစိတ်ပြောပြခဲ့ပြီး ၁၁ ယောက်နဲ့ သုည လေ့ကျင့်ရေးအကြောင်းလည်း အပါအဝင်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အိုးဗာဟော်က တန်ဟက်ရဲ့ လေ့ကျင့်ရေး အစီအစဥ်က ပျင်းရိဖွယ် ကောင်းပေမယ့်လည်း အကျိုးသက်ရောက်မှုရှိခဲ့တယ်လို့ The Sun ကို ပြောကြားခဲ့ပါတယ်။ “ရာသီကြို ကာလအဆုံးလောက်မှာ ကျွန်တော်တို့ ၁၁ ယောက်နဲ့ သုည လေ့ကျင့်ရေးကို အများကြီး လုပ်ခဲ့ရတယ်။ ကစားသမားတွေ အများစုက ဒီနည်းပြတော့ ရူးသွားပြီလို့ တွေးမိခဲ့ကြတယ်။ သူက ကျွန်တော်တို့ကို ပုံစံတွေနဲ့ ကျွန်တော်တို့နေရာကို ဘယ်မှာ ယူရမလဲဆိုတာကို ပြသခဲ့တယ်။ ဂိုးသမားကနေ စပြီး သူက ဘယ်နောက်ခံလူကို ကစားခိုင်းတယ်။ ပြီးတော့ ကျွန်တော်တို့ အဲဒီကနေ တိုက်စစ်ကို စတင်ရတယ်။ အဲဒါက နည်းနည်းတော့ ပျင်းစရာကောင်းတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားမှာ ကစားရမယ့် ပြိုင်ဘက်မရှိလို့ပါ။ ကျွန်တော်တို့ အဲဒီလေ့ကျင့်ခန်းကို အများကြီးလုပ်ခဲ့ပြီး အကြိမ်ပေါင်းများစွာ လုပ်ခဲ့ပြီးတဲ့နောက်မှာ ထပ်လုပ်ရဦးမှာလား။ ၁၁ ယောက်နဲ့ သုည လေ့ကျင့်ခန်းကိုလားဆိုပြီး ဖြစ်ခဲ့ကြတယ်”
ကစားသမားတွေအနေနဲ့ ဇဝေဇဝါနဲ့ လေ့ကျင့်ရေးတွေ ပြုလုပ်ခဲ့ကြတာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် တန်ဟက်ရဲ့ နည်းစနစ်ဟာ ရာသီကုန်မှာ အစွမ်းပြခဲ့ပြီး ဂိုး အီးဂဲလ်စ်အသင်းဟာ ၁၇ နှစ်အတွင်းမှာ ပထဆုံးအကြိမ် ဒတ်ချ်လိဂ်ပထမတန်းကို ပြန်လည်တန်းတက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
“ကျွန်တော်တို့ ပွဲစဉ်အတွင်းမှာ ၁၁ ယောက်နဲ့ သုည လေ့ကျင့်ရေးအစီအစဉ်က ပုံစံတွေကို သတိရခဲ့ပြီး အဲဒါက ကျွန်တော်တို့ကို ယုံကြည်ချက်တွေ အများကြီးပေးခဲ့ပါတယ်။ ကစားသမားတော်တော်များများက စပြီးတော့ ဒီနည်းပြက တစ်ခုခုတော့ ထူးခြားတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ လေ့ကျင့်ရေးမှာ မြင်တွေ့နေရတဲ့အရာတွေကို ပွဲစဉ်အတွင်းမှာလည်း မြင်တွေ့ခဲ့ရလို့ပါ။ ကျွန်တော်တို့ စတင်ပြီး ပိုမို ယုံကြည်လာပြီး သူ ပြောသမျှကို အတိအကျ စနားထောင်လာကြတယ်။”လို့ ပြောကြားခဲ့ပါတယ်။
အဲရစ် တန်ဟက်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို စတင်တာဝန်ယူကိုင်တွယ်ခဲ့တဲ့အချိန် ဇွန်လတုန်းက အသင်းသားတွေ ရာသီကြိုခရီးစဉ်ကနေ ပြန်မလာခင် လေ့ကျင့်ရေးကွင်းက ဝန်ထမ်းတွေကို အလွန်ထူးဆန်းတဲ့ ညွှန်ကြားမှုအချို့ကို ပြုလုပ်ခဲ့တာဖြစ်ပြီး ၎င်းရဲ့ ဘောလုံးပေးပို့မှုပုံစံကို ကစားသမားတွေ အရှိန်မြှင့်တင်နိုင်အောင် လေ့ကျင့်ရေးကွင်းက မြက်ခင်းကို ၁၅ မီလီမီတာ အတိအကျ ရိတ်ထားဖို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အသက် ၅၂ နှစ်အရွယ် နည်းပြဟာ ကစားသမားတွေရဲ့ ဘက်ပေါင်းစုံကြံ့ခိုင်မှုကိုလည်း လေ့ကျင့်ရေးအစ ၂ ရက်အတွင်းမှာ သုံးသပ်ခဲ့ပေမယ့်လည်း ၎င်းရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ ကြံ့ခိုင်မှုနဲ့ ဘောလုံးပေးပို့မှုအစီအစဉ် ၂ ခုစလုံး ပါဝင်သလို ကြံ့ခိုင်မှုသပ်သပ် အခြေခံတဲ့ လေ့ကျင့်ခန်းတွေလည်း ထည့်သွင်းထားတာဖြစ်ပါတယ်။ အိုးဗာဟော်က တန်ဟက်ဟာ ၂၀၁၂-၂၀၁၃ ရာသီမတိုင်ခင် ဂိုး အီးဂဲလ်စ်ကို ရောက်လာခဲ့တဲ့အချိန်တုန်းကနဲ့ တစ်ပုံစံတည်းဖြစ်တယ်လို့ ရှင်းလင်း ပြောကြားခဲ့ပါတယ်။
“ပထမဆုံးစတွေ့တဲ့နေ့တုန်းကအတိုင်းပဲ သူက ယူနိုက်တက်မှာ တစ်ထပ်တည်း လုပ်နေခဲ့ပါတယ်။ တကယ်ကို စည်းကမ်းတင်းကြပ်ပါတယ်။ လေ့ကျင့်ရေးပထမဆုံးနေ့မှာ ကျွန်တော်တို့က တစ်ဖက် ၈ ယောက်စီကစားဖို့ Bibs အင်္ကျီကို ဝတ်ဆင်ခဲ့ကြတယ်။ အဝါရယ်၊ အစိမ်းရယ်၊ လိမ္မော်ရယ်ပေါ့။ လေ့ကျင့်ရေးပြီးတော့ ကျွန်တော်တို့ အဲဒါတွေကို ချွတ်ပြီး အတူတူ ပုံထားခဲ့ကြတယ်။ သူက ဟင့်အင်း ငါ ဒီမှာ အဝါရောင်ကို ထားတာလိုချင်တယ်။ လိမ္မော်ရောင်က ဒီမှာထားလို့ ပြောခဲ့တယ်။ ခင်ဗျား လေ့ကျင့်ရေးကို နောက်ကျခဲ့ရင် ခင်ဗျား လေ့ကျင့်လို့ မရဘူး။ သူက ကျွန်တော်တို့ကို ပိုပြီး ပရော်ဖက်ရှင်နယ်ပီသလာအောင် စည်းကမ်းတင်းကြပ်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။