အမေရိကန်နိုင်ငံ နယူးယော့ခ်ပြည်နယ်မှာ လူ ၃,၀၀၀ ကို စစ်ဆေးမှုအရ ၁၄ ရာခိုင်နှုန်းနီးပါးထံမှာ COVID-19 ဖြစ်စေတဲ့ဗိုင်းရပ်စ် ပဋိပစ္စည်းများ တွေ့ရှိခဲ့ရပြီး ယခုတွေ့ရှိမှုနှုန်းအရ ပြည်နယ်တစ်ဝှမ်းရှိ လူဦးရေ ၂.၇ သန်းဟာ ရောဂါကူးစက်ခံထားရနိုင်ဖွယ်ရှိတယ်လို့ ယူဆရကြောင်း အုပ်ချုပ်ရေးမှူး Andrew Cuomo က ပြောပါတယ်။
(Photo: Reuters)
ယခု လေ့လာဆန်းစစ်မှုဟာ ပဏမအဆင့်ဖြစ်ပြီး ကန့်သတ်ချက်များရှိခဲ့ကြောင်းလည်း နယူးယော့ခ်ပြည်နယ် အုပ်ချုပ်ရေးမှူးက ဧပြီ ၂၃ ရက်နေ့မှာ မှတ်ချက်ပြုခဲ့ပါတယ်။ လေ့လာမှုအရ နယူးယော့ခ်၊ ကယ်လီဖိုးနီးယားတို့မှာ ဖြစ်နိုင်ခြေ အပါအဝင် ဗိုင်းရပ်စ်ဟာ အမေရိကန်နိုင်ငံအတွင်း ယခင်က သိထားခဲ့ချိန်ထက်စောပြီး ပျံ့နှံ့မှုနဲ့ သေဆုံးမှုတွေ ဖြစ်နေခဲ့ကြောင်း တွေ့ရှိရလိမ့်မယ်လို့ ဆိုပါတယ်။
နယူးယော့ခ်မှာ စစ်ဆေးမှုက အိမ်မှာ သီးခြားနေထိုင်ကြသူတွေထက် ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေပိုများတဲ့ ဈေးဝယ်ထွက်သူတွေကို ပစ်မှတ်ထားခဲ့ကြောင်းလည်း Reuters သတင်းမှာ ဖော်ပြပါတယ်။ ပဏမ အချက်အလက်တွေအရ နယူးယော့ခ်မှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်းဟာ ၀.၅ ရာခိုင်နှုန်းခန့်ဖြစ်ရာ ယခင်က ကျွမ်းကျင်သူအချို့ ခန့်မှန်းထားခဲ့မှုထက် များစွာလျော့နည်းကြောင်း Andrew Cuomo က ပြောပါတယ်။
(Photo: Reuters)
နယူးယော့ခ်ဟာ အမေရိကန်မှာ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှု အဆိုးဆုံးဖြစ်ပွားတဲ့ ပြည်နယ်လည်းဖြစ်ပါတယ်။ သို့သော် လတ်တလော ရက်ပိုင်းအတွင်းမှာတော့ ဆေးရုံတက်ရမှုနှုန်း အပါအဝင် COVID-19 အခြေအနေ ကိန်းဂဏန်းများ လျော့နည်းလာခဲ့ပြီး နယူးယော့ခ်မှာ ကပ်ရောဂါကူးစက်ဖြစ်ပွားမှု အဆိုးဆုံးအဆင့်ကို ကျော်ဖြတ်ခဲ့ပြီး ဖြစ်နိုင်ဖွယ်ရှိပါတယ်။
ပြည်နယ်အုပ်ချုပ်ရေးမှူးက ဧပြီ ၂၃ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့မှုအရ နယူးယော့ခ်မှာ ဗုဒ္ဓဟူးနေ့ (ဧပြီ ၂၂ ရက်) က COVID-19 အတည်ပြုလူနာအသစ် စစ်ဆေးတွေ့ရှိရမှု ၅၀၀ ကျော် လျော့နည်းသွားခဲ့ပြီး ၁၀ ရက်မြောက် ဆက်တိုက် လျော့နည်းသွားမှုလည်း ဖြစ်ပါတယ်။
(Photo: Reuters)
ဧပြီ ၂၂ ရက်နေ့က နယူးယော့ခ်မှာ COVID-19 ကြောင့် နောက်ထပ် ၄၃၈ ဦး သေဆုံးခဲ့ပြီး ဧပြီ ၁ ရက်နောက်ပိုင်း အနည်းဆုံးဖြစ်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ အမေရိကန်ဟာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်နေပြီး ယနေ့ (ဧပြီ ၂၄ ရက်) မနက်အစောပိုင်းအထိ ကူးစက်ခံရသူ ၈၇၆,၁၅၆ ဦး၊ သေဆုံးသူ ၄၉,၆၄၈ ဦးနဲ့ ပြန်လည်သက်သာသူ ၈၅,၀၁၀ ဦးရှိခဲ့ကြောင်း သိရပါတယ်။