ချာဟာနိုဂလူးက သူ့ကိုလှောင်ပြောင်ခဲ့တဲ့ အီဘရာဟီမိုဗစ်ကို တုံ့ပြန်ခဲ့တာပါ။

အင်တာမီလန်ကစားသမား ချာဟာနိုဂလူးက အေစီမီလန်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ကို ဝေဖန်တိုက်ခိုက်လိုက်တယ်လို့ သိရှိရပါတယ်။ ချာဟာနိုဂလူးဟာ (၂၀၂၁-၂၂) ဘောလုံးရာသီအစမှာ အေစီမီလန်ကနေ အင်တာမီလန်ကို ပြောင်းရွှေ့သွားခဲ့သူပါ။



ဒီကစားသမားဟာ အင်တာမီလန် စီးရီးအေချန်ပီယံဖြစ်ချိန်မှာ အေစီမီလန်ကစားသမား၊ အေစီမီလန် စီးရီးအေချန်ပီယံဖြစ်ချိန်မှာ အင်တာမီလန်ကစားသမားဖြစ်နေခဲ့ပြီး အွန်လိုင်းပေါ်မှာလည်း ပရိသတ်တွေက ချာဟာနိုဂလူးကို နောက်ပြောင်နေကြပါတယ်။ အေစီမီလန်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ကလည်း အသင်းရဲ့ စီးရီးအေချန်ပီယံဆု အောင်ပွဲခံအခမ်းအနားမှာ ချာဟာနိုဂလူးကို လှောင်ပြောင်ခဲ့ပါတယ်။



အီဘရာဟီမိုဗစ်က “ပရိသတ်တွေရေ... ဟာကန် (ချာဟာနိုဂလူး) ကို ဘာများပြောချင်လဲ” လို့ မေးမြန်းခဲ့ချိန်မှာ အေစီမီလန်ပရိသတ်တွေကလည်း ချာဟာနိုဂလူးကို ရည်ရွယ်ပြီး “Boo” လို့ အော်ဟစ်လှောင်ပြောင်ခဲ့ကြပါတယ်။ ဒီလုပ်ရပ်အပေါ် ချာဟာနိုဂလူးတယောက် အခဲမကျေနိုင်ဘဲ အီဘရာဟီမိုဗစ်ကို အခုလိုပဲ ထိုးနှက်လာခဲ့ပါတယ်။

ချာဟာနိုဂလူးက “အီဘရာဟီမိုဗစ်က အသက် (၄၀) ရှိနေပါပြီ။ (၁၈) နှစ်သားလေး မဟုတ်တော့ပါဘူး။ ကျနော်သာ သူ့အသက်အရွယ်မှာဆိုရင် ဒါမျိုးမလုပ်ပါဘူး။ အီဘရာဟီမိုဗစ်က လူတွေအာရုံစိုက်ခံရတာကို တော်တော်ကြိုက်တာပဲဗျ။ ဒီရာသီမှာ အေစီမီလန် စီးရီးအေချန်ပီယံဆုရတာ သူ့အားထုတ်မှုတခုမှမပါ,ပါဘူး။ သူက သိပ်တောင် ကစားခဲ့ရတာ မဟုတ်ဘူး”

“ဒါပေမယ့် လူတွေ သူ့ကိုအာရုံစိုက်ရမယ့်အရာရာတိုင်းကိုပဲ နည်းမျိုးစုံနဲ့ လုပ်နေပါတယ်။ တဖက်မှာလည်း သူက ကျနော့်ကို အမြဲတမ်းလာခေါ်နေကျလူတယောက်၊ ဆိုင်ကယ်စီးဖို့၊ ညစာထွက်စားဖို့ အမြဲတမ်း လာခေါ်နေတာပါ။ သူ ဒီအကြောင်းကိုလည်း စာအုပ်ထဲ ထည့်ရေးထားပါသေးတယ်။ သူ့ဆီမှာ ရေးစရာကိစ္စတွေရှိပါတယ်။ ဒါမှမဟုတ် မရေးရင်လည်း မရေးနဲ့ပေါ့။ ရိုးရိုးသားသားပြောရရင် မနှောင့်ယှက်တာ အကောင်းဆုံးပါပဲ” လို့ ဝေဖန်ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က