တရုတ်ရဲ့လဆင်းယာဉ်ပေါ်ရှိ ဝါဂွမ်းစေ့က အညှောက်ပေါက်ကာ ရှင်သန်ဖြစ်ထွန်းလာပါတယ်။

တရုတ်နိုင်ငံရဲ့ လဆင်းယာဉ်မှာ ပါရှိသွားခဲ့တဲ့ ဝါဂွမ်းစေ့က လပေါ်ရောက်ပြီးနောက် အညှောက်ပေါက်ကာ ရှင်သန်ဖြစ်ထွန်းလာကြောင်းနဲ့ ကမ္ဘာအပြင်ဘက်မှာ ပထမဆုံးအကြိမ် ထိုသို့ ရှင်သန်ဖြစ်ထွန်းမှုဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ဇန်နဝါရီ ၁၅ ရက်မှာ ပြောပါတယ်။

(Photo: AFP/Chongqing University)

တရုတ်နိုင်ငံရဲ့ ချန်ဂီ-၄ (Chang'e-4) လဆင်းယာဉ်ဟာ ယခုလ အစောပိုင်းမှာ လပေါ်ကို ရောက်ရှိဆင်းသက်ခဲ့ပြီးနောက် အဆိုပါယာဉ်ပေါ်ရှိ ဘူးတစ်ခုအတွင်း ထည့်ပေးလိုက်တဲ့ ဝါဂွမ်းစေ့ကနေ အညှောက်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ လပေါ်မှာ ဝါဂွမ်းစေ့က အညှောက်ပေါက်ကာ အပင်ငယ်လေး ရှင်သန်ဖြစ်ထွန်းလာမှုကို ချုံကင်းတက္ကသိုလ်ရှိ Advanced Technology Research Institute မှ ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတွေမှာ တွေ့ရပါတယ်။

(Photo: CLEP)

တရုတ်နိုင်ငံ National Space Administration ကလည်း လဆင်းယာဉ်ပေါ်ရှိ ဝါဂွမ်းစေ့ကနေ အညှောက်ထွက်လာကြောင်း ပြောထားပါတယ်။ "ဒါက လပေါ်မှာ လူသားတွေအနေနဲ့ ဇီဝဗေဒဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှု စမ်းသပ်ချက်တွေထဲမှာ ပထမဆုံး ပြီးမြောက်ခဲ့တာ ဖြစ်ပါတယ်" စမ်းသပ်မှုကိုဦးဆောင်သူ Xie Gengxin က AFP သတင်းဌာနကို ပြောပါတယ်။

(Photo: Xinhua/news.com)

ချုံကင်းတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက 'mini lunar biosphere' စမ်းသပ်မှုကို စီစဉ်ခဲ့ကြပြီး အရွယ်အစား ခုနစ်လက်မရှိ ဘူးတစ်ခုအတွင်း မျိုးစေ့များကို လေ၊ ရေနဲ့ မြေကြီးများနဲ့အတူ ထည့်သွင်းကာ လပေါ်ကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ ဘူးအတွင်း ဝါဂွမ်း၊ အာလူးနဲ့ မုန်ညင်းမျိုးနွယ်ဝင် အပင်တစ်မျိုးရဲ့ မျိုးစေတွေကို ထည့်သွင်းပေးလိုက်တယ်လို့ သိရပါတယ်။

(Photo: CLEP)

ဝါဂွမ်းစေ့ကနေ အညှောက်ထွက်ကာ အပင်ပေါက်လာပေမဲ့ အခြား မျိုးစေ့တွေကတော့ ထိုသို့ဖြစ်လာတာ မတွေ့ရဘူးလို့လည်း ချုံကင်းတက္ကသိုလ်က ပြောပါတယ်။ တရုတ်နိုင်ငံရဲ့ Chang'e-4 ဟာ လရဲအမှောင်ဘက်ခြမ်းမှာ ဆင်းသက်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံး လဆင်းယာဉ်ဖြစ်ပြီး ဇန်နဝါရီ ၃ ရက်မှာ အောင်မြင်စွာဆင်းသက်နိုင်ခဲ့တယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က