လေယာဉ်နဲ့ ခရီးသွားရမှာမို့ လေယာဉ်ဆိပ်ကို သွားရပေမယ့် တစ်ခါမှ လေယာဉ်မစီးဖူးသေးတဲ့ သူတွေအတွက်တော့ တော်တော် အခက်တွေ့စေမှာပါ၊ ဒီတစ်ပတ်တော့ လေယာဉ်တစ်ခါမှ မစီးဖူးသေးတဲ့ သူတွေအတွက် လေယာဉ်ဆိပ်ရောက်တဲ့အခါ ဘာစလုပ်ရမှန်းမသိအောင် တွေဝေမနေဘဲ အဆင်ပြေချောမွေ့လွယ်ကူစေဖို့ ဒီဆောင်းပါးလေးက တစ်ဆင့် လမ်းညွှန်ပေးမယ်နော်၊
စောစောသွားပါ
ခရီးသွားရာသီ ဒါမှမဟုတ် နိုင်ငံခြားခရီးစဉ်တွေကို သွားရောက်တဲ့အခါ လေယာဉ်ချိန်မတိုင်ခင် လေဆိပ်ကို အရင်ရောက်အောင်သွားပါ။ Check-in၊ လုံခြုံရေးစစ်ဆေးမှုနဲ့ မမျှော်လင့်ထားတဲ့ ကြန့်ကြာမှုတွေအတွက် အနည်းဆုံး ၃နာရီ ကြိုရောက်နေပါစေ။
ပေါ့ပေါ့ပါးပါး ထုပ်ပိုးပါ
လေဆိပ်နဲ့ ခရီးစဉ်တစ်လျှောက် ချောမွေ့စေဖို့ များပြားတဲ့ အထုပ်အပိုးတွေကို ရှောင်ပါ။ ခရီးဆောင်အိတ်ကို check-in လုပ်ပြီးတာနဲ့ စောင့်ဆိုင်းချိန်တွေကို ရှောင်ရှားဖို့ ကိုယ့်ရဲ့အိတ်တွေကို အဆင်သင့်ထားထားပါ။
လေဆိပ်စည်းမျဉ်းတွေကို လေ့လာပါ
လုံခြုံရေးစစ်ဆေးရေးဂိတ်တွေမှာ မနှောင့်နှေးရအောင် အရည်၊ အီလက်ထရွန်းနစ်ပစ္စည်း၊ အစားအသောက်တွေနဲ့ တခြားတားမြစ်ထားတဲ့ ပစ္စည်းတွေကို မသယ်မိအောင် ဂရုစိုက်ပါ။ သံ၊ ကြေးနဲ့ တခြားသတ္တုပစ္စည်းတွေကိုလည်း ခွင့်မပြုထားလို့ မသယ်ခင်မှာ သေချာလေ့လာသင့်ပါတယ်။
စာရွက်စာတမ်းတွေကို ပြင်ဆင်ပါ
Boarding pass, Passport, visa, နိုင်ငံသားကတ်၊ check-in နဲ့ လုံခြုံရေးစစ်ဆေးဖို့အတွက် လိုအပ်တဲ့ ခရီးသွားစာရွက်စာတမ်းတွေကို အလွယ်တကူထုတ်ယူနိုင်အောင် ပြင်ဆင်ထားပါ။ ပိုက်ဆံနဲ့ အဖိုးတန်ပစ္စည်းတွေကိုတော့အိတ်ထဲမှာ ကိုယ်နဲ့မကွာ သေချာသိမ်းဆည်းထားပါ။
သက်သောင့်သက်သာ ဝတ်ဆင်ပါ
လုံခြုံရေးစစ်ဆေးတာနဲ့ အချိန်ကြာမြင့်တဲ့ ခရီးစဉ်တစ်လျှောက်မှာ သက်သောင့်သက်သာရှိဖို့ ပေါ့ပါးတဲ့ အဝတ်အစားကို ရွေးချယ်ဝတ်ပါ။ လုံခြုံရေးရှာဖွေကိရိယာတွေမှာ အချက်ပေးသံ ထွက်စေနိုင်တဲ့ လက်ဝတ်ရတနာနဲ့ အသုံးအဆောင်တွေ မဝတ်မိဖို့လည်း ဂရုပြုပါ။
အဆာပြေစားစရာ ဆောင်ထားပါ
ခရီးသွားဖို့ ပြင်ဆင်ရတာ၊ အထုပ်အပိုးထည့်ရတာနဲ့ လေဆိပ်မှာ အကြာကြီးစောင့်ဆိုင်းရတဲ့အခါ ဗိုက်ဆာလာတတ်တာကြောင့် ဘီစကစ်နဲ့ ရေဘူးကို အဆင်သင့်ပြင်ထားတာက မမှားပါဘူး။ ခရီးမှာ အခက်မတွေ့ရအောင် အရသာပြင်းတဲ့ အစားအစာတွေနဲ့ တာရှည်ခံမုန့်တွေကိုတော့ ရှောင်ရှားသင့်ပါတယ်။
အီလက်ထရွန်းနစ်ပစ္စည်းတွေကို အားသွင်းပါ
လေဆိပ်ကိုမသွားခင် ဖုန်း၊ ကွန်ပျူတာနဲ့ နားကြပ်တွေကို အားအပြည့်သွင်းထားကြောင်း သေချာနေပါစေ။ ခရီးစဉ်က အချိန်ကြာကြာစီးရမယ်ဆိုရင် အားသွင်းကြိုးနဲ့ ပါဝါဘန့်ကို ယူဖို့ မမေ့ပါစေနဲ့။
သတိရှိပါ
လေယာဉ်ပျံသန်းချိန်အပြောင်းအလဲနဲ့ တခြားသတိပေးချက်တွေကို အချိန်နဲ့တပြေးညီသိရှိနိုင်ဖို့အတွက် အီးမေးလ် (ဒါမှမဟုတ်) စာကနေတစ်ဆင့် ခရီးစဉ်အခြေအနေကို သိရှိနိုင်အောင် ကြိုစီစဉ်ထားပါ။ ဂိတ်အပြောင်းအလဲနဲ့ ကြေညာချက်တွေအတွက် လေဆိပ်က သတင်းပေးပို့မှုကို စောင့်ကြည့်ပါ။
လုံခြုံရေးလုပ်ထုံးလုပ်နည်းများကို လေးစားပါ
ကိုယ်ကိုယ်တိုင်နဲ့ ခရီးသွားဖော်တွေအတွက် ခရီးစဉ်တစ်လျှောက် ချောမွေ့စေဖို့ လေဆိပ်မှာ စစ်ဆေးခြင်းလုပ်ငန်းစဉ်ကို လေ့လာပါ။ အရေးပေါ်အခြေအနေတွေမှာ လေဆိပ်ဝန်ထမ်းတွေနဲ့ လုံခြုံရေးဝန်ထမ်းတွေဆီက ညွှန်ကြားချက်တွေကို လိုက်နာပါ။
ဒီအချက်တွေကို ကောင်းကောင်းအသုံးချနိုင်ရင်တော့ ပြည်တွင်း၊ ပြည်ပ ဘယ်ခရီးစဉ်ကိုပဲဖြစ်ဖြစ် စိတ်အေးလက်အေးနဲ့ ပျော်ပျော်ရွှင်ရွှင်သွားနိုင်ပြီပေါ့။
ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။