အခင်းဖြစ်ချိန် အထဲမှာ လူဘယ်နှစ်ဦးရှိသလဲ မသိရသေးပါဘူး

သောကြာနေ့ညက အမေရိကန်ပြည်နယ် ၆ ခုကို ဖြတ်ကျော်မွှေနှောက်တိုက်ခတ်သွားတဲ့ လေဆင်နှာမောင်းတွေကြောင့် လူရာနဲ့ချီ သေဆုံးခဲ့ပြီး ဒီထဲမှာ Edwardsville မှာ ရှိတဲ့ Amazon သိုလှောင်ရုံတစ်ခုက ဝန်ထမ်းတချို့လည်း ပါဝင်သွားခဲ့တယ်လို့ ဆိုပါတယ်။ 

အမေရိကန်တောင်ပိုင်းနဲ့ အနောက်အလယ်ပိုင်းမှာ တိုက်ခတ်သွားတဲ့ လေဆင်နှာမောင်းတွေဟာ St.Louis အနားက သိုလှောင်ရုံတစ်ခုရဲ့ ခေါင်မိုးတွေ ဆုတ်ဖြဲဖျက်ဆီးခဲ့ပြီး ဘောလုံးကွင်းတွေထက် ရှည်လျားပြီး ၁၁ လက်မထူတဲ့ ကွန်ကရစ်နံရံတွေ ပြိုလဲစေခဲ့တယ်လို့ ဆိုပါတယ်။ လေဆင်နှာမောင်း အတွဲလိုက်တိုက်ခတ်မှုအပြီး စနေနေ့မှာတော့ Amazon ဝန်ထမ်း ၆ ဦးသေဆုံးခဲ့တယ်လို့ Reuters သတင်းက အတည်ပြုပါတယ်။ 



Photo: Reuters


အီလီနွိုက်စ်ပြည်နယ် Edwardsville ရဲ့စတုရန်းပေ ၅ သိန်းရှိတဲ့ စက်ရုံရဲ့ အပျက်အစီးတွေအကြားကနေ Amazon ဝန်ထမ်း အနည်းဆုံး ၄၅ ဦးကို ဘေးလွတ်ရာကယ်ထုတ်နိုင်ခဲ့တယ်လို့ မီးသတ်ဦးစီးမှူး ဂျိမ်းစ်ဝွိုက်သ်ဖို့ဒ်က ဆိုပါတယ်။ အာဏာပိုင်တွေက ကယ်ဆယ်ရေးကနေ ပြန်လည်ထူထောင်ရေးအတွင်း နောက်ထပ် အသက်ရှင်ကျန်ရစ်သူအများအပြား ရှာတွေ့နိုင်မယ်လို့လည်း မျှော်လင့်ထားကြပါတယ်။ 

အခုထိ ပျောက်ဆုံးဆဲဝန်ထမ်းဦးရေ ဘယ်လောက်ရှိသလဲ မသိရသေးသလို မုန်တိုင်းဝင်ချိန်က ပစ္စည်းတင်/ချနဲ့ ပို့ဆောင်ရေးစင်တာမှာ ဝန်ထမ်းဘယ်နှစ်ဦး အလုပ်လုပ်နေသလဲဆိုတာကို Amazon ဘက်ကလည်း အတိအကျမသိရဘူးလို့ ဝွိုက်သ်ဖို့ဒ်က ပြောပါတယ်။ NBC News သတင်းမှာတော့ အခင်းဖြစ်ချိန်အထဲမှာ ဝန်ထမ်း ၁၁၀ ခန့် ရှိမယ်လို့ အာဏာပိုင်တွေက ခန့်မှန်းထားကြောင်း ဖော်ပြထားပါတယ်။ 

Photo: Reuters


Amazon တည်ထောင်သူဂျက်ဖ်ဘီဇော့စ်ကတော့ အခင်းဖြစ်ပြီး နောက်တစ်ရက် စနေနေ့ညမှာ Twitter ပေါ်ကနေ ဒီကြေကွဲဖွယ်ဖြစ်ရပ်ကြောင့် စိတ်မကောင်းဖြစ်ရကြောင်းနဲ့ မနားမနေ ကြိုးပမ်းနေကြတဲ့ ကယ်ဆယ်‌ရေးသမားတွေကို ကျေးဇူးတင်ကြောင်း Tweet တင်ခဲ့ပါတယ်။ စနေနေ့မနက်မှာတော့ ဘီဇော့စ်ဟာ NFL ဘတ်စကတ်ဘောကြယ်ပွင့်ဟောင်း မိုက်ကယ်စထရာဟန်အပါအဝင် သူ့ရဲ့အာကာသယာဉ်ကုမ္ပဏီရဲ့ဒုံးကျည်နဲ့အတူ အာကာသထဲ လိုက်ပါမယ့် လူ ၆ ဦးရဲ့ ခရီးစဉ်ကို တက္ကဆက်မှာ သွားရောက်စောင့်ကြည့်နေခဲ့ပါတယ်။  

Share

Loading Next Article...
က္က