မနက်ဖြန်မှာ ဂျပန်ဖိုက်တာယူရှင်အိုကာမီနဲ့ ထိုးသတ်သွားတော့မှာပါ။

ONE 163 ပြိုင်ပွဲကြီးမှာ ဂျပန်ဖိုက်တာ ယူရှင်အိုကာမီနဲ့ ထိုးသတ်ရတော့မယ့် အောင်လအန်ဆန်က ပြိုင်ဘက်ဖြစ်သူကို ပွဲစတင်တာနဲ့ အနိုင်ယူဖို့ ကြိုးစားသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ ONE Championship ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကတဆင့် ပြောဆိုခဲ့တာဖြစ်ပြီး မစ်ဒယ်ဝိတ်တန်းချန်ပီယံဆုကို ပြန်လည်ရယူဖို့ ကြိုးစားမှုမှာ ဒီပွဲက သူ့အတွက် အရေးပါတယ်လို့လည်း အောင်လအန်ဆန်က ဖွင့်ဟခဲ့ပါတယ်။ 

"ကျနော့်မှာ မစ်ရှင်တခုရှိနေပြီလို့ ခံစားရတယ်၊ တိုက်ခိုက်ရေးသမားတယောက်အနေနဲ့ စာချုပ်ပေါ်မှာ လက်မှတ်မထိုးမချင်း ဘာမှမသေချာပါဘူး၊ စာချုပ်ကို လက်မှတ်ရေးထိုးပြီးသွားပြီဆိုရင်တော့ ဒါက မစ်ရှစ်တခု ဆောင်ရွက်နေသလို ခံစားရပါတယ်၊ ယူရှင် (ဂျပန်ဖိုက်တာ) က ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ကျနော်မြင်တွေ့ခဲ့သမျှ အာရှ MMA ဖိုက်တာတွေထဲမှာ အကောင်းဆုံးထဲက တယောက်ပါ"

"သူက အဆင့်အတန်းမြင့်မားပြီး မတူကွဲပြားတဲ့အဖွဲ့အစည်းတွေမှာ ထိုးသတ်ခဲ့ဖူးသူလည်းဖြစ်နေတယ်၊ ဒီတော့ သူက ကျနော့်အတွက် အကြီးမားဆုံးစမ်းသပ်မှုတခုဖြစ်လာမှာပါ၊ မစ်ဒယ်ဝိတ်တန်းချန်ပီယံဆုကို ပြန်ရယူဖို့ ကျနော်ကြိုးစားနေတဲ့နေရာမှာ ပြန်ပြီးတော့ ထူထောင်နိုင်ဖို့နဲ့ လမ်းကြောင်းမှန်ပေါ်ရောက်ဖို့ ကောင်းမွန်တဲ့ တိုက်ပွဲတခုဖြစ်လာမယ်လို့ထင်တယ်"

"သူ့ကို ချိုးဖဲ့ပစ်ဖို့ ကျနော်သွားမယ်၊ လက်အိတ်ချင်းထိပြီးတာနဲ့ သူ့ကို ထိုးနှက်ဖို့ကိုပဲ ကျနော်နည်းလမ်းရှာသွားမှာပါ၊ လူတိုင်းမှာ အားနည်းချက်ရှိပါတယ်၊ အားနည်းချက်မရှိတဲ့ တိုက်ခိုက်ရေးသမားဆိုတာမရှိဘူး၊ အဲဒီအားနည်းချက်တွေက ကျနော့်ကို ပိုကောင်းတဲ့ တိုက်ခိုက်ရေးသမားဖြစ်လာစေမယ့် အရာပါပဲ၊ သူ့ကို ၂ ချီအတွင်းမှာပဲ ကျနော်အနိုင်ယူနိုင်ဖို့ ကြိုးစားသွားမယ်"

ဒီပွဲကိုတော့ စင်ကာပူနိုင်ငံမှာ မနက်ဖြန် ည ၇း၃၀ မှာ ထိုးသတ်တော့မှာပါ။ အောင်လအန်ဆန်ဟာ နောက်ဆုံးထိုးသတ်ခဲ့တဲ့ ၄ ပွဲမှာ ၃ ပွဲအထိ အရေးနိမ့်ခဲ့ပြီး မစ်ဒယ်ဝိတ်တန်းခါးပတ်နဲ့ လိုက်ဟဲဗီးဝိတ်တန်းခါးပတ်တွေကို ဒီရစ်ဒါဆီ လွှဲပြောင်းပေးထားခဲ့ရပါတယ်။ ဒီရစ်ဒါကို ပြန်စိန်ခေါ်နိုင်ဖို့ ပြိုင်ဘက်ဟောင်းဗစ်တလီဘစ်ဒက်ရှ်နဲ့ ထိုးသတ်တဲ့ပွဲမှာလည်း အရေးနိမ့်ခဲ့ပါသေးတယ်။ 

Share

Loading Next Article...
က္က