မနေ့ညက ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ နယူးကာဆယ်က ၄-၁ ဂိုးနဲ့ အံ့အားသင့်ဖွယ် ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ နယူးကာဆယ်က လျင်လျင်မြန်မြန်နဲ့ ပီအက်စ်ဂျီဘက်ကို တိုက်စစ်ဆင်ခဲ့ပြီး ပီအက်စ်ဂျီတို့ အငိုက်မိခဲ့တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။
နယူးကာဆယ်က ပထမပိုင်းမှာတင် နှစ်ဂိုးပြတ်နဲ့ ဦးဆောင်ထားနိုင်ခဲ့ပြီး ပီအက်စ်ဂျီကတော့ ဘာမှထူးထူးခြားခြား မလုပ်ပြနိုင်ခဲ့ပါဘူး။ အဖွင့်ဂိုးကို အယ်လ်မီရွန်က လှပတဲ့ ကန်ချက်နဲ့ ဂိုးသွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းမပြီးခင်မှာ ဒန်ဘန်းက အနီးကပ် ခေါင်းတိုက်ပြီး သွင်းယူခဲ့ပါတယ်။
အဲ့ဒီနောက် ဒုတိယပိုင်းစပြီး (၅) မိနစ်အကြာမှာပဲ လောင်းစတပ်ဖ်က နယူးကာဆယ်အတွက် တတိယမြောက်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ချေပဂိုးတစ်ဂိုးကိုတော့ လူးကပ်စ်ဟာနန်ဒက်ဇ်က လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး သွင်းယူနိုင်ခဲ့ပါတယ်။
ပွဲကစားချိန် နောက်ဆုံးမိနစ်မှာတော့ ဖေဘီယန်ရှားက နယူးကာဆယ်အတွက် ပွဲသိမ်းဂိုးကို သွင်းယူပေးခဲ့ပြီး နယူးကာဆယ်တို့ သူတို့ရဲ့ ဒီရာသီ ပထမဆုံး ချန်ပီယံလိဂ်အိမ်ကွင်းပွဲကို အနိုင်ရလဒ်နဲ့ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဂိုးပြတ်နိုင်ပွဲကြောင့် (၂) ပွဲကစားပြီးချိန်မှာ ရမှတ် (၄) မှတ်နဲ့ အုပ်စု ပထမနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ဒီအုပ်စုက နောက်ထပ်ပွဲတစ်ပွဲမှာတော့ ဒေါ့မွန်နဲ့ အေစီမီလန်တို့ ဂိုးမရှိသရေကျခဲ့ပါတယ်။