မက်ဂွိုင်းရားတယောက် ဆိုရှယ်မီဒီယာပေါ်မှာ ပြဿနာရှာခဲ့ပြန်တာပါ။

ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းရားဟာ အင်စတာဂရမ်ပေါ်ကပို့စ်တခုကို Like နှိပ်မိလိုက်တာကြောင့် ပြင်းထန်တဲ့ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရှိရပါတယ်။ မက်ဂွိုင်းရား ဒီလိုအမှားကျူးလွန်မိတဲ့ပို့စ်ကလည်း ရော်နယ်ဒိုနဲ့ပတ်သက်တဲ့ပို့စ်ဖြစ်နေခဲ့တာကြောင့် အခြေအနေက ပိုမိုဆိုးရွားသွားခဲ့တာပါ။



SportBible ရဲ့ အင်စတာဂရမ်ပေ့ချ်မှာ ရော်နယ်ဒိုက ယူနိုက်တက်ချန်ပီယံလိဂ်မဝင်လို့ လစာ (၂၅) ရာခိုင်နှုန်းလျှော့ယူရမယ့်အပေါ် စိတ်ပျက်နေတယ်လို့ သတင်းဖော်ပြခဲ့ပါတယ်။ အဲ့ဒီပို့စ်ကို မက်ဂွိုင်းရားက မှားယွင်း Like နှိပ်မိခဲ့တာဖြစ်ပြီး ချက်ချင်းဆိုသလို သူ့ရဲ့အမှားကို ပြန်လည်ပြင်ဆင်ခဲ့ပေမယ့် ပရိသတ်တွေကတော့ ဒါကိုမြင်တွေ့သွားခဲ့ပြီး မက်ဂွိုင်းရားကို အပြင်းအထန် ဝေဖန်လျက်ရှိပါတယ်။

မက်ဂွိုင်းရားကတော့ ချက်ချင်းဆိုသလိုပဲ သူ့ရဲ့အမှားဖြစ်ကြောင်း ဘီဘီစီသတင်းဌာနကို ဝန်ခံခဲ့ပါတယ်။ မက်ဂွိုင်းရားဟာ လက်ရှိနွေရာသီမှာ ရော်နယ်ဒိုအသင်းမှာဆက်ရှိနေရင် အသင်းခေါင်းဆောင်လက်ပတ်ကို ရော်နယ်ဒိုထံ လွှဲပေးရဖွယ်ရှိတယ်လို့ သတင်းထွက်နေပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုကတော့ ယူနိုက်တက်ကနေ ထွက်ခွာခွင့်တောင်းခံထားပါတယ်။

အဲ့ဒါကြောင့်လည်း မက်ဂွိုင်းရားအနေနဲ့ ရော်နယ်ဒို အသင်းကနေထွက်ဖို့ ပြင်ဆင်နေတာကို ကျေနပ်နေလိမ့်မယ်လို့လည်း ပရိသတ်အချို့က ယူဆနေကြပါတယ်။ ယူနိုက်တက်ပရိသတ်တွေကတော့ “မက်ဂွိုင်းရားက ယူနိုက်တက်အတွက် တပွဲတောင်မကစားသင့်တော့ပါဘူး” “မက်ဂွိုင်းရားအနေနဲ့ ဒီလိုပို့စ်မျိုးကို Like နှိပ်တာက ပရော်ဖက်ရှင်နယ်မဆန်တဲ့ အပြုအမူပါ။ သူ့အနေနဲ့ ယူနိုက်တက်အသင်းခေါင်းဆောင်မဖြစ်သင့်တော့ပါဘူး” လို့ အသီးသီးဝေဖန်ခဲ့ကြပါတယ်။

မက်ဂွိုင်းရားဟာ လက်ရှိအချိန်မှာ ယူနိုက်တက်ရဲ့ရာသီကြိုလေ့ကျင့်ခန်းအစီအစဥ်တွေမှာ ပူးပေါင်းနေပြီဖြစ်ပေမယ့် ရော်နယ်ဒိုကတော့ မိသားစုကိစ္စအကြောင်းပြပြီး ကာရင်တန်ကို လာရောက်သတင်းပို့ခြင်းမရှိသေးပါဘူး။ ရော်နယ်ဒိုကတော့ ဘန်ကောက်ကိုထွက်ခွာမယ့် ယူနိုက်တက်ရဲ့ ရာသီကြိုခြေစမ်းခရီးစဥ်ကိုလည်း လိုက်ပါဖွယ်မရှိဘူးလို့ သတင်းတွေက ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က