အင်္ဂလန်လက်ရွေးစင် ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ မြောက်မက်ဆီဒိုးနီးယားနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ ယူရို - ၂၀၂၄ ခြေစစ်ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အင်္ဂလန်ဟာ အဆိုပါပွဲမတိုင်ခင်ကတည်းက ယူရိုခြေစစ်ပွဲ အောင်မြင်ပြီးသား အသင်းတစ်သင်းပါ။
အဲ့ဒါကြောင့် မြောက်မက်ဆီဒိုးနီးယားနဲ့ပွဲမှာ အင်္ဂလန်တို့ သာမန်ပဲ ကစားခဲ့ပြီး ပြိုင်ဘက်ရဲ့ ဦးဆောင်ခြင်းကိုတောင် ခံခဲ့ရပါသေးတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ပြိုင်ဘက် ကစားသမားရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် သရေကျသွားခဲ့တာပါ။
အဆိုပါပွဲမှာ ရပ်ရှ်ဖို့ဒ်က ဒုတိယပိုင်းမှ လူစားဝင်ကစားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ရပ်ရှ်ဖို့ဒ်က လူစားဝင်လာပြီးနောက် အားရစရာခြေစွမ်းမျိုးကို မပြသနိုင်ခဲ့ဘဲ စိတ်ပျက်ဖွယ်ရာ ဘောလုံးပေးပို့မှုတွေနဲ့ စိတ်မပါတဲ့ ကစားဟန်ကိုသာ မြင်တွေ့ခဲ့ရပါတယ်။
ဒါတွေကို အခု ဗီဒီယိုထဲမှာ ကြည့်ရှုနိုင်မှာဖြစ်ပြီး ပရိသတ်တွေကတော့ ရပ်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းကို ပြစ်တင်ဝေဖန်နေကြပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ ဒီရာသီ ယူနိုက်တက်မှာလည်း ပုံမှန်ခြေစွမ်းပျောက်ဆုံးပြီး ဂိုးမိုးခေါင်နေတဲ့ ကစားသမားတစ်ယောက်ပါ။
အာဆင်နယ်ကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးကသာ ရပ်ရှ်ဖို့ဒ်အတွက် ဒီရာသီမှာ ယူနိုက်တက်အတွက် သွင်းယူခဲ့တဲ့ တစ်လုံးတည်းသော သွင်းဂိုးအဖြစ် ရှိနေပါတယ်။ အဲ့ဒါကြောင့်လည်း ယူနိုက်တက်ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပြီး အခု အင်္ဂလန်မှာပါ စိတ်ပျက်ဖွယ်ရာ ခြေစွမ်းမျိုးကို ပြသခဲ့တာဖြစ်ပါတယ်။