အယ်လ် ဟီလာလ်အသင်းဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုထက် ပိုမိုများပြားတဲ့ လစာပမာဏနဲ့ ကမ္ဘာပေါ်က လုပ်ခလစာ အမြင့်မားဆုံးကစားသမားဖြစ်လာစေမယ့် စာချုပ်ကမ်းလှမ်းဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။
ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့နိုဝင်ဘာလမှာ ဆော်ဒီ အာရေဗျကို အလွတ်နဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ဘလွန်ဒေါ ၅ ဆုရှင်ဟာ တစ်နှစ်ကို ပေါင် ၁၇၃ သန်းဝန်းကျင် တန်ကြေးရှိတဲ့ စာချုပ် ပေးအပ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ အယ်လ် နာဆာနဲ့ ချုပ်ဆိုခဲ့တဲ့ ဒီစာချုပ်ကြောင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ကမ္ဘာပေါ်က လစာအမြင့်မားဆုံး ကစားသမားစာရင်းထဲမှာ ထိပ်ဆုံးကနေ သက်တောင့်သက်သာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း လီယွန်နယ် မက်ဆီဟာ ၎င်းရဲ့ ထာဝရ ပြိုင်ဘက်ကို ကျော်တက်နိုင်မယ့် အနေအထားရှိနေပြီး ကလပ်အသင်းအဆင့်က အနာဂတ်ကို ကြီးမားတဲ့ ဆုံးဖြတ်ချက် ချမှတ်ဖို့သာ ကျန်တော့တာဖြစ်တယ်လို့ သိရပါတယ်။ ဘလွန်ဒေါ ၇ ဆုအထိ စံချိန်တင် ဆွတ်ခူးထားတဲ့ လီယွန်နယ် မက်ဆီဟာ ယခုရာသီကုန်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အလွတ်နဲ့ ထွက်ခွာခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။
L’Equipe ရဲ့ ဖော်ပြချက်အရ ၂၀၂၂ ကမ္ဘာ့ဖလား ချန်ပီယံဟာ ပီအက်စ်ဂျီအသင်းမှာ ဆက်နေမယ်ဆိုရင် FFP ငြိမှာစိုးနေတဲ့ လီဂူးဝမ်းကလပ်အသင်းကြီးကြောင့် လစာတောင်းဆိုမှု ပမာဏကို လျှော့ချဖို့ လိုအပ်မှာဖြစ်တယ်လို့ သိရပါတယ်။ လီယွန်နယ် မက်ဆီဟာ တစ်လကို လုပ်ခလစာ ယူရို ၃.၃၇၅ သန်းကနေ လျှော့ချပေးဖို့ ဆန္ဒမရှိဘဲ အထူးသဖြင့် အရှေ့အလယ်ပိုင်းကနေ ကမ္ဘာပေါ်က လစာအမြင့်မားဆုံးရရှိတဲ့ ကစားသမားဖြစ်လာစေမယ့် ကမ်းလှမ်းမှု ရရှိခဲ့တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
ရော်နယ်လ်ဒို ကစားနေတဲ့ အယ်လ် နာဆာအသင်းရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ အယ်လ် ဟီလာလ်အသင်းဟာ လက်ရှိမှာတော့ အပြောင်းအရွှေ့ပြုလုပ်ခွင့် ပိတ်ပင်ခံထားရပေမယ့်လည်း ယခုနွေရာသီမှာ လူစာရင်းထဲကို ကစားသမားခေါ်ယူမှုအသစ်တွေ ထပ်မံဖြည့်တင်းနိုင်မယ်လို့ ယုံကြည်နေပြီး မက်ဆီရဲ့ ဖခင် ဂျော့ဂျ် မက်ဆီဟာ မကြာသေးမီက ဆော်ဒီ အာရေဗျမြို့တော် ရီယက်ဒ်မြို့ကို အလည်အပတ် သွားခဲ့တာဖြစ်ပါတယ်။