ဆီရီယာလီယွန်မှာဖြစ်ပွားခဲ့တာပါ။

ဆီရီယာလီယွန်က ပထမတန်းပွဲစဥ်နှစ်ပွဲမှာ ထွက်ပေါ်ခဲ့တဲ့ရလဒ်တွေက လက်တွေ့မကျတဲ့ ရလဒ်တွေဖြစ်နေတာကြောင့် လုပ်ပွဲသံသယနဲ့ စစ်ဆေးနေပြီလို့ သိရှိရပါတယ်။ ဒီနှစ်ပွဲကတော့ ၉၅-၀ ဂိုးနဲ့ ၉၁-၁ ဂိုးဆိုတဲ့ ရလဒ်တွေထွက်ပေါ်ခဲ့တာပါ။ မိနစ် (၉၀) သာကစားရတဲ့ပွဲမှာ ဒါမျိုးရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပြီး သာမန်ပရိသတ်တောင်မှ ဘယ်လိုမှမဖြစ်နိုင်မှန်း သိသာထင်ရှားပါတယ်။

တနင်္ဂနွေက ကစားခဲ့တဲ့ ဒီနှစ်ပွဲမှာ ကာဟူလာရိန်းဂျားစ်က လမ်ဘန်ဘူကို ၉၅ ဂိုးပြတ်၊ ဂါ့ဖ်က ကိုကွီမာလက်ဘနွန်ကို ၉၁-၁ ဂိုးတို့နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။ အနိုင်ရသွားတဲ့နှစ်သင်းဟာ ခြေစစ်ပွဲအတွက် ဒုတိယနေရာကို အပြိုင်အဆိုင်ဖြစ်နေကြပြီး ရမှတ်တူနေရင် ဂိုးကွာခြားချက်နဲ့ ဆုံးဖြတ်မယ့်အနေအထားမှာ အခုလိုမျိုး မျက်လုံးပြူးလောက်စရာ ဂိုးရလဒ်တွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဒီနှစ်ပွဲမှာမဖြစ်သင့်တဲ့ အနီကတ်တွေကို ပလူပျံအောင်မြင်တွေ့ခဲ့ရပြီး ဒုတိယပိုင်းမှာလည်း ကွင်းလယ်ဒိုင်က ပွဲကိုဆက်လက်တာဝန်မယူနိုင်တာကြောင့် စတုတ္ထဒိုင်က ပွဲပြီးတဲ့အထိ ဆက်လက်ကိုင်တွယ်ခဲ့ရပါသေးတယ်။ ပထမပိုင်းရလဒ်တွေကလည်း ၇-၁ ဂိုး၊ ၂-၀ ဂိုးတို့သာထွက်ပေါ်ခဲ့ပြီး ဒုတိယပိုင်းမှာ ဂိုးတွေမြင်လို့မကောင်းအောင် ထပ်သွင်းခဲ့ကြတာပါ။

ကစားသမားတယောက်တည်းကလည်း ဂိုး (၃၀) ကျော်သွင်းယူခဲ့သေးပြီး ဒီနှစ်ပွဲကို ဆီရီယာလီယွန်ဘောလုံးအဖွဲ့ချုပ်က လုပ်ပွဲသံသယနဲ့ စစ်ဆေးနေတာဖြစ်ပါတယ်။ ဒါပေမယ့် အသင်းလေးသင်းလုံးအနေနဲ့ လုပ်ပွဲမဟုတ်ကြောင်း အပြည့်အဝသက်သေပြနိုင်ရင် ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရမယ်ဆိုတာကိုလည်း အသိပေးထားပါတယ်။

ဘောလုံးသမိုင်းတလျှောက်မှာ ဂိုးကွာခြားချက်အများဆုံးဖြစ်ခဲ့တဲ့ပွဲက ပြီးခဲ့တဲ့ (၂၀၀၂) မှာ ကစားခဲ့တဲ့ AS Adema က SO l’Emyrne ကို ၁၄၉-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲပဲဖြစ်ပါတယ်။ SO l’Emyrne ကစားသမားတွေဟာ ပြိုင်ပွဲတလျှောက် သူတို့ကို နစ်နာစေတဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့တဲ့ ပြိုင်ပွဲကျင်းပရေးတာဝန်ခံနဲ့ ဒိုင်လူကြီးတွေကို ကွင်းအတွင်းမှာ ဆန္ဒပြခဲ့ပြီး အခုလိုပဲ ပြိုင်ဘက်ကို အံ့အားသင့်ဖွယ် ဂိုးရလဒ်နဲ့ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က