အဓိကနောက်ခံလူနှစ်ယောက်ကို ချဲလ်ဆီးတို့ လက်လွှတ်ရဖို့ရှိနေတာပါ။

ချဲလ်ဆီးနောက်ခံလူနှစ်ယောက်ဖြစ်တဲ့ ရူဒီဂါနဲ့ အက်ဇ်ပီလီကွီတာတို့ဟာ လာမယ့်နွေရာသီမှာ အသင်းကို စွန့်ခွာဖို့ စိုင်းပြင်းနေကြတယ်လို့ သိရှိရပါတယ်။ အက်ဇ်ပီလီကွီတာဟာ ပုံမှန်ပွဲထွက်ခွင့် သိပ်မရပေမယ့် ကစားခွင့်ရချိန်တိုင်း ချဲလ်ဆီးနောက်တန်းအတွက် ပစ်ရက်စရာမရှိတဲ့ ကစားသမားတယောက်အဖြစ် ရှိနေဆဲပါ။



အသက် (၃၂) နှစ်ရှိပြီဖြစ်တဲ့ အဆိုပါ စပိန်လက်ရွေးစင်နောက်ခံလူဟာ ပြီးခဲ့တဲ့ (၂၀၁၂) တည်းက အသင်းကို ရောက်ရှိလာတာဖြစ်ပြီး အသင်းအတွက် အထူးအားကိုးရတဲ့ အသင်းခေါင်းဆောင် နောက်ခံလူတယောက်အဖြစ် သတ်မှတ်ခံခဲ့ရသလို ပရိသတ်အချစ်တော် ကစားသမားလည်းဖြစ်ခဲ့ပါတယ်။ သူနဲ့ အသင်းအကြား စာချုပ်သက်တမ်းက လာမယ့် (၂၀၂၂)၊ ဇွန်မှာ ကုန်ဆုံးတော့မှာပါ။

နောက်ပိုင်းကာလတွေမှာ အက်ဇ်ပီလီကွီတာက တက်သစ်စ နောက်ခံလူ ချာလိုဘာ့ဂ်၊ ရီစီဂျိမ်းစ်တို့ရဲ့နောက် အရံခုံမှာသာ ထိုင်နေရတာကြောင့် သူ့အနေနဲ့ စာချုပ်သက်တမ်းတိုးဖို့ထက် အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းက ထွက်ခွာဖို့ ဆန္ဒရှိနေပါတယ်။

အက်ဇ်ပီလီကွီတာကို ခေါ်ယူဖို့ ဘာစီလိုနာက စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြနေပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိမယ့် အနေအထားကြောင့်လည်း အက်ဇ်ပီလီကွီတာအနေနဲ့ ဘာစီလိုနာကို ပြောင်းရွှေ့ဖွယ်ရှိပါတယ်။ အခြားတဖက်မှာလည်း တူချယ်လ်ရဲ့ နောက်တန်း (၃) ယောက်တန်းမှာ မရှိမဖြစ် အရေးပါနေတဲ့ နောက်ခံလူကြီး ရူဒီဂါကလည်း စာချုပ်သစ်မချုပ်ဘဲ ရီးရဲယ်မက်ဒရစ်ကိုသာ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ သိရှိရပါတယ်။

ရူဒီဂါနဲ့ ချဲလ်ဆီးအကြား စာချုပ်သစ်ကိစ္စကလည်း လက်ရှိအချိန်ထိ ပြေလည်မှုမရရှိသေးဘဲ အသင်းအနေနဲ့ရော၊ နည်းပြ တူချယ်လ်ကပါ ရူဒီဂါကို အသင်းမှာ ဆက်ထိန်းထားဖို့ ဆန္ဒရှိနေဆဲပါ။ ဒါပေမယ့် ရီးရဲယ်မက်ဒရစ်က ဗဟိုခံစစ်မှာ အလာဘာနဲ့ တွဲကစားဖို့ ရူဒီဂါလို မာမာထန်ထန် နောက်တန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ရူဒီဂါကိုယ်တိုင်ကလည်း ချဲလ်ဆီးမှာ ပျော်ရွှင်နေဆဲဆိုပေမယ့် စာချုပ်သစ်ချုပ်ဆိုဖို့ စိတ်ကူးမရှိသေးဘဲ ရာသီကုန်မှာ ရီးရဲယ်မက်ဒရစ်ကို ပြောင်းရွှေ့သွားဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ အဲ့ဒါကြောင့်လည်း ဒီရာသီမှာ နာမည်ကောင်းရနေတဲ့ ချဲလ်ဆီးရဲ့ခံစစ်တန်းအနေနဲ့ ဒီကစားသမားနှစ်ယောက်ကိုသာ လက်လွှတ်လိုက်ရရင်တော့ အင်အားဖြည့်တင်းမှုတွေ မဖြစ်မနေ ပြန်လည်ပြုလုပ်ဖို့ လိုအပ်နေပါပြီ။ 

Share

Loading Next Article...
က္က