ရီးရဲလ်မက်ဒရစ်တိုက်စစ်က အိမ်ကွင်းမှာ ခြေစွမ်းပြခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်က မာယော့ကာကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ လာလီဂါအိမ်ကွင်းပွဲစဥ်မှာ ကွင်းလယ်လူ ဗယ်လ်ဗာဒီက အသင်းအတွက် အရေးပါတဲ့ချေပဂိုးကို တကိုယ်တော်အစွမ်းနဲ့ လှလှပပ သွင်းယူပြခဲ့ပါတယ်။ ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်တို့ အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် မာယော့ကာရဲ့ ဦးဆောင်ခြင်းကို ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။



ဒါပေမယ့်လည်း ပထမပိုင်းမပြီးခင်မှာတင် ဗယ်လ်ဗာဒီက ရီးရဲလ်မက်ဒရစ်အတွက် ချေပဂိုးကို အသင်းရဲ့ ကွင်းဘက်ခြမ်းကနေတဆင့် တကိုယ်တော်ဆွဲပြေးကာ ပြိုင်ဘက်ဂိုးဧရိယာထိပ်ကနေ လှလှပပ ကန်သွင်းခဲ့ပါတယ်။ ဗယ်လ်ဗာဒီဟာ ကွင်းလယ်စက်ဝိုင်းနားမှာ ပြိုင်ဘက် ကစားသမားသုံးယောက်ကြားကနေလည်း ရိုးရှင်းသပ်ရပ်စွာ ဆွဲထွက်လာခဲ့ပြီး ဘယ်ခြေနဲ့ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။


ပထမပိုင်းမှာ ဗယ်လ်ဗာဒီရဲ့ ဒီသွင်းဂိုးကြောင့် ရီးရဲလ်မက်ဒရစ်တို့ တဂိုးစီသရေကျနေခဲ့ပြီး ဒုတိယပိုင်းမှာတော့ အနိုင်ဂိုးတွေ ထပ်မံရရှိခဲ့ပါတယ်။ အသင်းအတွက် ဦးဆောင်ဂိုးကို ဗီနီရှပ်စ်ဂျူနီယာက ရိုဒရီဂို ခင်းပေးတာကတဆင့် ဂိုးသမားနဲ့တယောက်ချင်းအတွေ့မှာ အမှားအယွင်းမရှိ အဆုံးသတ်ကန်သွင်းခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် တတိယဂိုးကလည်း ပြောလောက်စရာဖြစ်ခဲ့ပါတယ်။


လူငယ်ကစားသမားလေးပဲဖြစ်တဲ့ ရိုဒရီဂိုက ပြိုင်ဘက်ဂိုးဧရိယာထဲကို ဘောလုံးနဲ့အတူ ဆွဲဝင်လာခဲ့ပြီး ပြိုင်ဘက်ကစားသမားနှစ်ယောက်လောက်ကို လိမ်ခေါက်ကာ ပိုင်ပိုင်နိုင်နိုင် သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် နောက်ဆုံးပွဲသိမ်းဂိုးကိုလည်း တိုနီကရူးစ် ကန်တင်ပေးလိုက်တဲ့ ပြစ်ဒဏ်ဘောကတဆင့် နောက်ခံလူ ရူဒီဂါက ရီးရဲလ်မက်ဒရစ် စားသမားဘဝ ပထမဆုံးသွင်းဂိုးကို မြေမကျဘော ကန်သွင်းယူပေးခဲ့ပါတယ်။

ဒီပွဲမှာ အဓိကကစားသမား ဘန်ဇီမာမပါဝင်ပေမယ့် ရီးရဲလ်မက်ဒရစ်အတွက်ကတော့ လာလီဂါ (၅) ပွဲ ကစားပြီးချိန်မှာ (၅) ပွဲလုံး အနိုင်ရရှိကာ ရာနှုန်းပြည့် နိုင်ပွဲဆက်စံချိန်နဲ့အတူ အမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။ လာမယ့် ကြားရက်မှာတော့ ရီးရဲလ်မက်ဒရစ်တို့ လိုက်ပ်ဇစ်ကို ချန်ပီယံလိဂ်အိမ်ကွင်းပွဲအဖြစ် ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ မက်ဒရစ်ဒါဘီပွဲအဖြစ် အက်သလက်တီကိုကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က