ဘိုင်ယန်မြူးနစ် တိုက်စစ်မှူးသစ် ဟယ်ရီကိန်းဟာ အသင်းကို ရောက်ပြီး မကြာခင်မှာပဲ အသင်းစပွန်ဆာကုမ္ပဏီဖြစ်တဲ့ အော်ဒီက လက်ဆောင်ပေးတဲ့ ကားတစ်စီးကို ရရှိခဲ့ပါတယ်။ အော်ဒီဟာ ဘိုင်ယန်မြူးနစ်ကစားသမားတွေအတွက် နှစ်စဉ်နှစ်တိုင်း အခုလိုမျိုး စီစဉ်ပေးနေပြီး ဒီနှစ်မှာလည်း အခြားသော ကစားသမားတွေနည်းတူ ဟယ်ရီကိန်းလည်း ကား လက်ဆောင်ရရှိခဲ့တာပါ။
ကစားသမားတွေအနေနဲ့ ကုမ္ပဏီဘက်က သတ်မှတ်ထားတဲ့ မော်ဒယ်လ်တွေက ကြိုက်နှစ်သက်ရာ ကားတစ်စီးကို ရွေးချယ်ခွင့်ရှိပါတယ်။ ဟယ်ရီကိန်းကတော့ ပေါင် (၅၈,၀၀၀) တန် ကားတစ်စီးကို ရွေးချယ်ခဲ့ပြီး အဆိုပါကားက မိသားစုနဲ့အတူတကွ စီးနင်းဖို့ အဆင်ပြေတဲ့ ကားတစ်စီးလို့လည်း သိရှိရပါတယ်။
ဒါပေမယ့် တစ်ဖက်မှာတော့ ကစားသမားတွေကို စည်းကမ်းသတ်မှတ်ထားပါတယ်။ ကစားသမားတွေဟာ သူတို့ အခုလိုမျိုး လက်ဆောင်ရရှိထားတဲ့ ကားတွေနဲ့ အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို အသွားအပြန်လုပ်ရမှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ဒဏ်ငွေတပ်ရိုက်ခံရမယ်လို့ သိရှိရပါတယ်။
ကစားသမားတွေကို အော်ဒီကားတွေသာ ပိုမိုစီးနင်းဖို့ ကုမ္ပဏီဘက်က မျှော်လင့်ပေမယ့် Bentley, Bugatti နဲ့ Porche တို့ကိုလည်း စီးနင်းခွင့်ရှိကြောင်း သိရှိရပါတယ်။ အကြောင်းရင်းကတော့ သူတို့အားလုံးက Volkswagen ကုမ္ပဏီအောက်က ဖြစ်နေတာကြောင့်လို့ သတင်းတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ်မှာတော့ ကစားသမားအချို့က ဒီလိုမျိုး စည်းကမ်းချက်တွေကို ချိုးဖောက်ပြီး အခြားသောကားတွေကို စီးနင်းလာခဲ့တာကြောင့်လည်း ဒဏ်ကြေးငွေ ယူရို (၅) သောင်းအထိ ဒဏ်တပ်ရိုက်ခံခဲ့ရကြောင်းလည်း သိရှိရပါတယ်။