ချဲလ်ဆီးကတော့ လက်စတာကွင်းမှာ လွယ်ကူတဲ့နိုင်ပွဲတစ်ပွဲကိုရရှိခဲ့တာပါ။

ချဲလ်ဆီးအတွက်တော့ အရမ်းကိုလွယ်ကူတဲ့နိုင်ပွဲတစ်ပွဲလို့ ပြောရမှာပါ။ လက်စတာရဲ့ အနေအထားက ချဲလ်ဆီးကို ဘယ်လိုမှ ကောင်းကောင်းမွန်မွန် တုံ့ပြန်နိုင်ခဲ့ခြင်းမရှိဘဲ ချဲလ်ဆီး စိတ်ကြိုက်ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ 



ယူနိုက်တက်ကို ကိုင်မယ်လို့ သတင်းတွေထွက်နေတဲ့ ဘရန်ဒန်ရော်ဂျာရဲ့ ပွဲကြိုအခင်းအကျင်းပိုင်းကအစ အားနည်းချက်တွေများခဲ့ပြီး ဆိုမာရေး၊ အန်ဒီဒီ၊ ဘားနက်စ်တို့ရဲ့ ကွင်းလယ်နဲ့ ဂျော်ဂျင်ဟို၊ ကန်တေ၊ မေဆင်မောင့်တို့ရဲ့ကွင်းလယ်လုပ်အားနှုန်းက တော်တော်လေး ကွာဟခဲ့ပါတယ်။

လက်စတာအတွက် ချဲလ်ဆီးကို သူတင်ကိုယ်တင်ရုန်းနိုင်တဲ့ ကစားသမားက ဗာဒီတစ်ယောက်လောက်ပဲရှိခဲ့တာပါ။ ပွဲကစားချိန် (၁၄) မိနစ်မှာပဲ ချဲလ်ဆီးတို့ အဖွင့်ဂိုးရခဲ့ပြီး ဘင်ချီဝဲလ်ရဲ့ ထောင့်ကန်ဘောကတစ်ဆင့် ရူဒီဂါက ခေါင်းတိုက် သွင်းယူခဲ့ပါတယ်။ ဒီဂိုးမှာ လက်စတာနောက်တန်းက လူကပ်ပုံတော်တော်လေး အားနည်းခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

နောက်ပိုင်းမှာ လက်စတာက လွတ်ခ်မန်းချေပဂိုး ပြန်သွင်းခဲ့ပေမယ့် လူကျွံနေပါတယ်။ ချဲလ်ဆီးရဲ့ ခံစစ်ကနေ တိုက်စစ် အကူးအပြောင်းတွေက မြန်ဆန်တိကျပြီး ဒီအတွက် ကန်တေရဲ့လုပ်အားနှုန်း၊ ဂျော်ဂျင်ဟိုရဲ့ ပါးနပ်မှုတွေကို လက်စတာကွင်းလယ်က ဘယ်လိုမှမတားဆီးနိုင်ခဲ့ပါဘူး။

မိနစ် (၃၀) မပြည့်ခင်မှာတင် ချဲလ်ဆီးတို့ ဒုတိယဦးဆောင်ဂိုးရခဲ့ပြီး ကန်တေက ကွင်းလယ်ကနေ ဆွဲပြေးရင်း ဧရိယာထိပ်အရောက်မှာ ဘယ်ခြေနဲ့ ကန်သွင်းခဲ့တာပါ။ ဒီဂိုးမှာလည်း ကန်တေကို လက်စတာ ကစားသမားတွေ မတားဆီးနိုင်၊ တားဆီးမယ့် ကစားသမားလည်းမရှိခဲ့ပါဘူး။

ဒုတိယပိုင်းမှာ လက်စတာက လွတ်ခ်မန်း၊ ဘားနက်စ်တို့ရဲ့နေရာမှာ အီဟီယန်နာချို၊ မက်ဒီဆင်တို့ကို ထည့်သွင်းခဲ့ပေမယ့် သိပ်တော့ထိရောက်မှုမရှိပါဘူး။ လက်စတာကွင်းလယ်မှာ တိုင်လီမန့်စ် မပါဝင်နိုင်တာက ဒီပွဲမှာ အရမ်းသိသာလွန်းပြီး ချဲလ်ဆီးကွင်းလယ်ကို ယှဥ်နိုင်ဖို့ ဘယ်လိုမှမတတ်နိုင်ခဲ့ပါဘူး။

 

ဂိုးထပ်ရခဲ့တာကလည်း ချဲလ်ဆီးပဲဖြစ်ခဲ့ပြီး လူစားဝင်ကစားသမားနှစ်ယောက်ဖြစ်တဲ့ ဇီယက်ချ်၊ ပူလီဆစ်တို့ရဲ့အချိတ်အဆက်ကနေ ပူလီဆစ်က ဂိုးသမားနဲ့အနီးကပ်အနေအထားမှာ ကန်သွင်းယူခဲ့တာပါ။ ဘန်လေနဲ့ပွဲမှာ ခြေချော်ခဲ့ပေမယ့် ချဲလ်ဆီးတို့ အမြန်ဆုံးရုန်းထွက်လာခဲ့ပြီး ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ခဲ့သလို ပြိုင်ပွဲစုံရှုံးပွဲမရှိစံချိန်ကလည်း (၉) ပွဲဆက်တိုက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က