ထိုင်းလိဂ်ချန်ပီယံဘူရမ်ယမ်အသင်းရဲ့ ကစားသမား ၃ ဦးဟာ လာမယ့်ရာသီအတွက် ပြင်ဆင်မှုအဖြစ် လက်စတာနဲ့အတူ ပူးတွဲလေ့ကျင့်မှုတွေပြုလုပ်သွားဖို့ရှိတယ်လို့ Thailand Posten က ဖော်ပြခဲ့ပါတယ်။ ကနဦးအနေနဲ့ အရေးပါတဲ့ကစားသမား ၃ ဦးကို ရွေးချယ်စေလွှတ်ခဲ့တာလို့ သိရပြီး ဆက်ဖာချိုင်၊ ဆက်ဖန်နပ် နဲ့ ရာတနာခွန်တို့ ဖြစ်ပြီး ၁ လကြာ လေ့ကျင့်သွားမယ်လို့ သိရပါတယ်။
ထိုင်းလိဂ်ရာသီသစ်ကိုတော့ ဩဂုတ်လအတွင်းမှာ ပြန်လည်စတင်မှာဖြစ်ပြီး ရာတနာခွန်ကတော့ ဂျေလိဂ်ကလပ် ကွန်ဆာဒိုးဆော်ပေါ်ရိုးကို ပြောင်းရွှေ့သွားတဲ့ ဆက်ဖာချော့ခ်အစား လိုက်ပါခွင့်ရရှိခဲ့တာပါ။ ဒီကစားသမားတွေက ပြီးခဲ့တဲ့ထိုင်းလိဂ်ရာသီမှာ အသင်းအတွက် ခြေစွမ်းပြကစားခဲ့သူတွေဖြစ်ပြီး ပွဲအများအပြားကစားခွင့်ရရှိခဲ့ကာ ဆက်ဖာချိုင်ကတော့ ၂၆ ပွဲမှာ ၁၄ဂိုးသွင်းပြီး ၅ ကြိမ်အထိ ဖန်တီးပေးနိုင်ခဲ့သူပါ။
မြန်မာကစားသမားအောင်သူရဲ့ အသင်းဖော်တွေဖြစ်ပြီး ပုံမှန်နေရာရဖို့ ရုန်းကန်နေရတဲ့ အောင်သူအတွက်တော့ အသင်းဖော်တွေရဲ့ တိုးတက်လာနိုင်မယ့်အနေအထားတွေကြောင့် ပိုမိုခက်ခဲလာဖွယ်ရှိနေပါတယ်။ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ်လက်စတာကတော့ ထိုင်းလူမျိုးသူဌေးဖြစ်သူ ပိုင်ဆိုင်တာဖြစ်လို့ ထိုင်းကစားသမားတွေအတွက် အခွင့်အလမ်းတခုအဖြစ်ရှိနေခဲ့တာဖြစ်ပါတယ်။
အောင်သူက ပြီးခဲ့တဲ့ရာသီမှာ ဘူရီယမ်နဲ့ ဖလားနှစ်လုံးရရှိခဲ့ပေမယ့် လိဂ်ဖလားပြိုင်ပွဲမှာတော့ တပွဲမှ ဝင်ကစားပေးခဲ့ရခြင်းမရှိသလို အမှတ်ပေးပြိုင်ပွဲမှာလည်း အရန်ကစားသမားအဖြစ်နဲ့သာ ပွဲအများစုကို ကစားခဲ့ရတာပါ။ ပြိုင်ပွဲစုံအားဖြင့် ၂၈ ပွဲကစားခဲ့ရပြီး ၂ ဂိုးသွင်းကာ ၆ ကြိမ်ဖန်တီးပေးနိုင်ခဲ့လို့ မဆိုးလှတဲ့မှတ်တမ်းတခုဖြစ်ပေမယ့် သူ့ရဲ့တိုက်စစ်ပိုင်းနေရာအတွက် ပြိုင်ဆိုင်မှုတွေက များပြားနေလို့ အခွင့်အရေးတော့ နည်းပါးခဲ့ပါတယ်။