လက်စတာကိုရှုံးနိမ့်ခဲ့တာကြောင့် ရော်နယ်ဒိုဒေါသထွက်ခဲ့တာပါ။

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ မနေ့ညက လက်စတာကို ၄-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ဒေါသပေါက်ကွဲခဲ့ပြီး အဝတ်လဲခန်းထဲ ချက်ချင်းဝင်ရောက်ဖို့ ကြိုးစားခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။



အဝေးကွင်းမှာလာရောက်ကစားခဲ့တဲ့ ယူနိုက်တက်ဟာ ဂရင်းဝုဒ်ရဲ့ လှပတဲ့ကန်ချက်နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် မက်ဂွိုင်းရားရဲ့ အမှားကတစ်ဆင့် လက်စတာအတွက် တိုင်လီမန့်စ်ရဲ့ချေပဂိုးကို ခွင့်ပြုခဲ့ရတာပါ။ အဲ့ဒီနောက် ဆိုယန်ကူရဲ့ လက်စတာအတွက် ဦးဆောင်ဂိုးကို လူစားဝင်ကစားသမား ရပ်ရှ်ဖို့ဒ် ပြန်လည်ချေပနိုင်ခဲ့ပေမယ့် ချက်ချင်းဆိုသလိုပဲ ဗာဒီက လက်စတာအတွက် ဦးဆောင်ဂိုးထပ်မံသွင်းယူခဲ့ပါတယ်။

လက်စတာအတွက် ပွဲသိမ်းဂိုးကိုတော့ လူစားဝင်ကစားသမားက ဒါကာက သွင်းယူပေးခဲ့ပြီး ယူနိုက်တက်တို့ အဝေးကွင်းမှာ အရှက်တကွဲရှုံးနိမ့်ခဲ့တာပါ။ ဒီရှုံးပွဲကြောင့် ယူနိုက်တက်အနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၃) ပွဲဆက်နိုင်ပွဲပျောက်ခဲ့သလို (၂၀၂၀) ဇန်နဝါရီနောက်ပိုင်း ပထမဆုံး အဝေးကွင်းရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ ရှုံးပွဲအပေါ် ဒေါသပေါက်ကွဲခဲ့ပြီး ပွဲသိမ်းခရာမှုတ်တာနဲ့ အဝတ်လဲခန်းထဲ တန်းဝင်ဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် နည်းပြဆိုးလ်ရှားက ရော်နယ်ဒိုကို တားမြစ်ခဲ့ပြီး အဝေးကွင်းကို လိုက်ပါအားပေးတဲ့ ယူနိုက်တက်ပရိသတ်တွေဆီ သွားရောက်နှုတ်ဆက်ဖို့ ညွှန်ကြားခဲ့ပါတယ်။

ယူနိုက်တက်ပရိသတ်တွေဟာ မန်ချက်စတာမြို့ကနေ မိုင် (၁၀၀) ကွာဝေးတဲ့ လက်စတာအိမ်ကွင်းအထိ လိုက်ပါအားပေးခဲ့တာဖြစ်ပြီး ရော်နယ်ဒိုကလည်း ဆိုးလ်ရှားရဲ့ညွှန်ကြားချက်ကို လိုက်နာကာ ယူနိုက်တက်ပရိသတ်တွေရှိရာဆီ လက်ခုပ်တီးနှုတ်ဆက်ခဲ့ပါတယ်။

ယူနိုက်တက်အတွက် ဒါဟာ အဝေးကွင်း (၂၉) ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန် ရပ်တန့်ခဲ့ရတာဖြစ်ပြီး ရော်နယ်ဒိုအတွက်တော့ ဒီလိုဒေါသထွက်ရတာ ပထမဆုံးတော့ မဟုတ်ပါဘူး။ အဲဗာတန်နဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ အိမ်ကွင်းပွဲမှာလည်း ရော်နယ်ဒိုက စိတ်ပျက်လက်ပျက်နဲ့ တစ်ယောက်တည်း မြည်တွန်တောက်တီးရင်း အိုးထရက်ဖို့ဒ်ကွင်းထဲက ထွက်သွားခဲ့ဖူးပါသေးတယ်။  

Share

Loading Next Article...
က္က