လက်ထောက်နည်းပြကို ယူနိုက်တက်ကစားသမားတွေ နောက်ပြောင်နေတာပါ။

ယူနိုက်တက်ကစားသမားတွေဟာ အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ လက်ရှိနည်းပြ ရန်းနစ်ဂ်ခေါ်ယူထားတဲ့ လက်ထောက်နည်းပြ ခရစ္စအာမက်စ်ကို တက်ဒ်လက်ဆိုနဲ့ ချိတ်ဆက်နှိုင်းယှဥ်ပြီး နောက်ပြောင်နေကြတယ်လို့ သတင်းရင်းမြစ်တွေက ဖော်ပြခဲ့ပါတယ်။



 

ခရစ္စအာမက်စ်ဟာ ရန်းနစ်ဂ်အဓိကအားကိုးရတဲ့ လက်ထောက်နည်းပြတယောက်ဖြစ်ပြီး ယူနိုက်တက်ကို ရန်းနစ်ဂ်ရောက်လာပြီး ရက်ပိုင်းအတွင်းမှာပဲ ခရစ္စအာမက်စ်ကို အားကိုးတကြီးနဲ့ ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက် ကစားသမားတွေကတော့ ရန်းနစ်ဂ်နဲ့ နည်းပြအဖွဲ့ဝင်တွေရဲ့ နည်းစနစ်ပိုင်းတွေကို "ခေတ်ဟောင်း" လို့ဆိုကာ အရင်တည်းက အထင်ကြီးလေးစားမှုမရှိဘူးလို့ သတင်းတွေက ဖော်ပြခဲ့ဖူးသားဖြစ်ပါတယ်။

 

အခုချိန်မှာတော့ ယူနိုက်တက် ကစားသမားတွေက ခရစ္စအာမက်စ်ကိုပါ ဘောလုံးနဲ့ပတ်သက်လို့ ဗဟုသုတဘာမှမရှိတဲ့ တက်ဒ်လက်ဆိုနဲ့ နှိုင်းယှဥ်နောက်ပြောင်နေကြတာဖြစ်ပြီး ဒါကလည်း ပထမဆုံးတော့ မဟုတ်ပါဘူး။ ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်ဟာ အရင်ကလည်း ကစားသမားတွေကို အားလပ်ရက်ပေးထားတာ မေ့ပြီးတော့မှ လေ့ကျင့်ရေးကွင်းကို ရောက်ရှိလာခဲ့ဖူးပါတယ်။

 

ရန်းနစ်ဂ်အနေနဲ့ အဲ့ဒီအချိန်တုန်းက “ကိုဗစ်စစ်ဆေးဖို့ လူမရှိဘူးလား” လို့ ကားပေါ်ကနေ လှမ်းအော်ရင်းမှ အသင်းဝန်ထမ်းတယောက်က လာရောက်ရှင်းပြသတိပေးတာကြောင့် အိမ်ပြန်သွားခဲ့ပါတယ်။ ဒါ့အပြင် ရန်းနစ်ဂ်ဟာ အိမ်မပြန်ခင် လေ့ကျင့်ရေးကွင်းကို တယောက်ယောက်ရောက်နေမလားလို့လည်း ကြည့်ရှုသွားခဲ့သေးတယ်လို့ သိရပါတယ်။

 

ရန်းနစ်ဂ်ရဲ့ ဒီအဖြစ်ကို ယူနိုက်တက် ကစားသမားတွေ သိရှိချိန်မှာတော့ နောက်တနေ့ လေ့ကျင့်ရေးကွင်းမှာ နောက်ပြောင်ပြောဆိုခဲ့ကြပြီး အခုချိန်မှာတော့ လက်ထောက်နည်းပြ ခရစ္စအာမက်စ်က ယူနိုက်တက်ကစားသမားတွေရဲ့ ရေဒါထဲ ရောက်ရှိသွားခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။

 

ယူနိုက်တက်ဟာ နောက်ဆုံးကစားခဲ့တဲ့ မစ်ဒယ်ဘရော့နဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲ၊ ဘန်လေနဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲတို့မှာ နိုင်ပွဲပျောက်ဆုံးခဲ့ပြီး မစ်ဒယ်ဘရော့ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပြည်တွင်းဖလားအားလုံးကို လက်လွှတ်ခဲ့ရပြီလည်းဖြစ်ပါတယ်။ 

Share

က္က