မက်ဆီကို ဘာစီလိုနာတို့ စတင်ခေါ်ယူဖြစ်ခဲ့ပုံက ထူးခြားခဲ့ပါတယ်။

လာမာစီယာကနေ ထွန်းတောက်လာပြီး ဘာစီလိုနာအတွက်၊ ဘောလုံးလောကအတွက် ဂန္တဝင်တယောက်ဖြစ်ခဲ့တဲ့ မက်ဆီ (လက်ရှိပီအက်စ်ဂျီကစားသမား) အတွက် သူ့ရဲ့ ကစားသမားဘဝ အစပြုရာက အဆင်မချောခဲ့ပါဘူး။ ဘာစီလိုနာဘက်က သူ့ကိုခေါ်ယူဖို့ တော်တော်လေးကို စဥ်းစားဆုံးဖြတ်ခဲ့ရပါတယ်။ အကြောင်းရင်းကတော့ မက်ဆီရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ အခြားသောကိစ္စရပ်တွေကြောင့်ပါ။



ဘာစီလိုနာဟာ မက်ဆီရဲ့ ခြေထောက်တွေကို နေ့စဥ်နဲ့အမျှ ဟော်မုန်းဆေးထိုးပေးဖို့ လိုအပ်ခဲ့ပြီး ဒီအတွက် တလကို အမေရိကန်ဒေါ်လာတထောင် ကုန်ကျခဲ့ပါတယ်။ ဒါ့အပြင် မက်ဆီရဲ့အဖေ ဂျော့ချ်မက်ဆီအတွက်လည်း အလုပ်ရှာပေးဖို့၊ သူ့သားဖြစ်သူရဲ့ လုပ်ခအနေနဲ့ တနှစ်ကို အမေရိကန်ဒေါ်လာ (၆) သောင်းပေးဖို့ ဂျော့ချ်မက်ဆီကိုယ်တိုင်က တောင်းဆိုခဲ့တာပါ။

(၂၀၀၀) ပြည့်နှစ် စက်တင်ဘာမှာ မက်ဆီက ဘာစီလိုနာကို အဖေဖြစ်သူ ဂျော့ချ်၊ အေးဂျင့် ဖေဘီယန်ဆိုလ်ဒီနီတို့နဲ့အတူ ခြေစွမ်းလာရောက် စမ်းသပ်ခံခဲ့ပါတယ်။ ဘာစီလိုနာဘက်က ကွပ်ကဲခဲ့သူတွေက ဂတ်ဂျီအိုလီနဲ့ မင်ဂွဲလားတို့ပဲဖြစ်ပါတယ်။ မင်ဂွဲလားဟာဆိုရင် အဲ့ဒီအချိန်ရဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) တုန်းက မာရာဒိုနာကို ဘာစီလိုနာဆီ ခေါ်ဆောင်ခဲ့သူပါ။

အရပ်အမောင်း (၅) ပေတောင်မပြည့်သေးတဲ့ အသက် (၁၃) နှစ်အရွယ် မက်ဆီက ခြေစွမ်းစမ်းသပ်ပြီးတဲ့နောက် ဘာစီလိုနာရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အတွင်းရေးမှူး ချာလေရီဆက်ချ်က “ငါ (၂) မိနစ်လောက်ကြည့်ပြီးတည်းက ဒီကလေးကို ခေါ်ရမယ်ဆိုတာ သိလိုက်ပြီ” လို့ ပြောပါတယ်။ ဒါပေမယ့် ဘာစီလိုနာဘက်က မက်ဆီနဲ့ပတ်သက်တဲ့ ထောက်ပံ့မှုတွေအတွက် လက်တွန့်နေခဲ့ပါတယ်။

ဒီအချိန်မှာပဲ ဂျော့ချ်မက်ဆီက ဒေါသတကြီးနဲ့ သူ့သားကို ဘာစီလိုနာမပို့တော့ဘူးလုပ်ခဲ့တဲ့အကြောင်း ရီဆက်ချ်ကိုယ်တိုင်ပဲ ပြန်ပြောင်းပြောပြခဲ့ပါတယ်။ အဲ့ဒီနောက် (၂၀၀၀) ပြည့်နှစ်၊ ဒီဇင်ဘာ (၁၄) မှာတော့ မင်ဂွဲလား၊ ဂတ်ဂျီအိုလီနဲ့ ရီဆက်ချ်တို့ တွေ့ဆုံပြီး စားသောက်ဆိုင်က လက်သုတ်ပဝါပေါ်မှာ အခုလိုပဲ ရေးသားလက်မှတ်ရေးထိုးခဲ့ပါတယ်။

“ကျနော် ရီဆက်ချ် ဘာစီလိုနာရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အတွင်းရေးမှူးအနေနဲ့ မက်ဆီကို ခေါ်ယူဖို့ ဆန့်ကျင်မှုတွေရှိနေပေမယ့် သဘောတူညီထားတဲ့အချက်အလက်တွေအတိုင်း မက်ဆီကို ခေါ်ယူသွားမှာဖြစ်ပါတယ်” လို့ ရေးသားလက်မှတ်ထိုးခဲ့ပါတယ်။ ဒီလက်သုတ်ပဝါက သမိုင်းတွင်ခဲ့တဲ့ လက်သုတ်ပဝါဖြစ်ခဲ့ပြီး ဘာစီလိုနာပြတိုက်မှာ ထိန်းသိမ်းထားဖို့ တိုက်တွန်းမှုတွေရှိနေပေမယ့် ဂတ်ဂျီအိုလီကိုယ်တိုင်ကပဲ ဒီလက်သုတ်ပဝါကို အခုချိန်ထိ ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က