အဆိုတော်ပိုးမီကတော့ သူမရဲ့လက်တွဲဖော် ချစ်သူကောင်မလေးနဲ့အတူ စက်တင်ဘာ ၈ ရက်က လှည်းကူးမြို့နယ်ရှိ ရတနာဦးသီလရှင်ကျောင်းတိုက်မှာ တစ်ပတ်တာ သီလရှင်ဝတ်ခဲ့ကြတယ်လို့သိရပါတယ်။ သီလရှင်ဝတ်ပြီးကုသိုလ်ပြုခဲ့တဲ့အကြောင်းအရင်းကတော့ သြဂုတ်လ ၂၇ ရက်က အမြန်လမ်းတစ်နေရာမှာ ကားတိမ်းမှောက်ခဲ့ရာက အသက်မသေဆုံးခဲ့ပေမယ့်လည်း ဘဝအတွက်ကုသိုလ်ပြုဖို့လိုတယ်လို့ သံဝေဂရတာကြောင့်လို့ ဆိုပါတယ်။
"ကားတိုက်မှု ဖြစ်တာ ပါတာ ကောင်မလေး ၄ ယောက်မှာ ကိုယ်တစ်ယောက်တည်း ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာရခဲ့တယ်။ အဲဒီအတွက်လည်း စိတ်ထဲမှာ အသိတစ်ခု ရခဲ့တယ်။ ငါသာသေသွားခဲ့ရင် နောက်သံသရာမှာပါမယ့် ကုသိုလ်ကောင်းမှုအတွက် ဘာမှ မလုပ်ရသေးဘူးဆိုတော့ သီလရှင်ဝတ်ခဲ့တာပါ" ဆိုပြီး သီလရှင်ဝတ်ဖြစ်ခဲ့တဲ့အကြောင်းကို ပြောပြလာပါတယ်။
လက်တွဲဖော်ချစ်သူကောင်မလေးနဲ့အတူ သာသနာပြုဖြစ်ခဲ့တဲ့အကြောင်းကိုလည်း " သူကလည်း ကားတိုက်တဲ့ဖြစ်စဥ်မှာ အတူတူပါလာတဲ့သူဆိုတော့ အခုသီလရှင်ဝတ်မယ်ဆိုတော့လည်း နှစ်ခါတောင်မပြောရဘူး။ ပါရမီ လိုက်ဖြည့်ပေးတယ်။ ဒီလိုအတူတူသာသနာပြုဖြစ်ဖို့ဆိုတာလည်း လွယ်ကူတဲ့အရာမဟုတ်ဘူးလေ။ တစ်ယောက်နဲ့တစ်ယောက် စိတ်တူတာမဟုတ်ဘူးဆိုတော့ အခုလို အတူတူ ပါရမီလိုက်လံဖြည့်ဆည်းပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်" ဆိုပြီး အဆိုတော်ပိုးမီတစ်ဖြစ်လဲ ဆရာလေးပုညနန္ဒီက မိန့်ခဲ့ပါတယ်။
အဆိုတော်ပိုးမီက ကြာသပတေးနေ့နံသမီးဖြစ်တာကြောင့် ဘွဲ့တော်က ပုညနန္ဒီဖြစ်ပြီး စက်တင်ဘာ ၈ ရက်မှာပဲ လှည်းကူးမြို့နယ်ရှိ ပြည်တော်သာရပ်ကွက်ရှိ ရတနာဦးသီလရှင် ကျောင်းတိုက်မှာတစ်ပတ်တာ ကုသိုလ်ပြု ဝတ်ဖြစ်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
အမြန်လမ်းတစ်နေရာမှာဖြစ်တဲ့ ယာဥ်တိုက်မှုကြောင့်လည်း ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၆ချက် ချုပ်ခဲ့ရပါတယ်။
"ခေါင်းကတော့ သက်သာပါတယ်။ လောလောဆယ်တော့ ကားမှောက်တုန်းက ကားနဲ့ခန္ဓာကိုယ်နဲ့ ရိုက်မိခဲ့တဲ့ဒဏ်ရာတွေက အခုချိန် မိုးနည်းနည်းအေးရင် ကိုက်ခဲနာကျင်တာမျိုးတွေတော့ ရှိပါတယ်။ နှာခေါင်းကလည်း ဆီလီကွန်ထိုးထားတာဆိုတော့ ကံကောင်းစွာပဲ ဘာမှ မထိခိုက်ဘူး။ နှာခေါင်းအပေါ်ယံ ပွန်းတာပဲ့တာလောက်ပဲ ရှိတယ်" ဆိုပြီး လက်ရှိကျန်းမာရေးအခြေအနေအကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။
Photo-Poe Mi FB
အဆိုတော်ပိုးမီတို့အဖွဲ့ဟာ သြဂုတ်လအတွင်းမှာ ကျောက်ဆည်မြို့မှာ ဘုရားတည်ပြီးအပြန်မှာပဲ မိုင်တိုင်တစ်ခုအရောက်မှာပဲ ကားအက်စီးဒန့် ဆိုးဆိုးရွားရွားကြုံတွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။ အဆိုတော်ပိုးမီအပါအဝင် မိန်းကလေး၄ဦးပါရှိပြီး အဲဒီထဲမှာ အဆိုတော်မေမဒီလည်း အပါအဝင်ပဲဖြစ်ပါတယ်။ ဆိုးဆိုးရွားရွားယာဥ်တိမ်းမှောက်မှုဆိုပေမယ့်လည်းကံကောင်းစွာပဲ ထိခိုက်အနာတရ မဖြစ်ကြတာကြောင့်လည်း ကံကောင်းတယ်လို့ ဆိုရမှာပါ။
Photo-Poe Mi FB
ပိုးမီက Myanmar idol Season 2 သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်အားပေးမှုအများကြီးရရှိလာသူတစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ Myanmar idol Season 2 မှာလည်း တတိယဆုကို ဆွတ်ခူးနိုင်ခဲ့သူတစ်ဦးပါ။ အခုဆိုရင်တော့ ပရိသတ်တွေလက်ခံအားပေးမှု ကိုတခဲနက် ရရှိနေပြီဖြစ်တဲ့ အဆိုတော်တစ်ဦးလည်းဖြစ်ပါတယ်။