တရုတ်တန်းက အစားအသောက်တွေလို့ ပြောလိုက်တာနဲ့ ဂဏန်းကော်ကြော်ကို မေ့ထားလို့မရပါဘူး။ တရုတ်တန်း တောက်လျှောက်မှာ ဂဏန်းကော်ကြော်ဆိုင်တွေ အများကြီးရှိပြီး မူလလက်ဟောင်းဆိုင်တွေ လည်း ရှိသလို ဖွင့်တာမကြာသေးပေမယ့်လည်း လက်ရာကောင်းတာကြောင့် စားသုံးသူတွေ ကြိုက်နှစ်သက်တဲ့ ဆိုင်တွေလည်း များစွာ ရှိတာတွေ့ရပါတယ်။ ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ ဆိုင်လေးကတော့ ဆိုင်ဖွင့်ထားတာ သက်တမ်း ၂ နှစ်ပဲ ရှိသေးတယ်ဆိုပေမယ့် လက်ရာကောင်း၊ စေတနာကောင်းတာတွေကြောင့် အွန်လိုင်းမှာရော အပြင်မှာပါ လူသိများလာတဲ့ ဂဏန်းကော်ကြော် ဆိုင်လေးအကြောင်း မိတ်ဆက်ပေးချင်ပါတယ်။
အစပိုင်းမှာ လုံးဝမရောင်းရတဲ့အထိ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဆိုင်လေး
မိသားစု တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းလေးလည်းဖြစ်အောင် စားသုံးသူတွေလည်း စားရတာ အဆင်ပြေအောင် ရည်ရွယ်ချက်နဲ့ ကိုဗစ်ကာလက စတင်ပြီး ဒီဆိုင်လေးကို ဖွင့်လှစ်ခဲ့တာလို့ ဆိုင်ရှင်ဦးကိုကိုလတ်က ဆိုပါတယ်။
“ ကျွန်တော် ကော်ကြော်ကို မစားဖူးဘူး။ ရောင်းမယ်လို့ စိတ်ကူးရှိတော့ အိမ်မှာ နည်းနည်းစမ်းကြော်ကြည့်တယ်။ စမ်းကြော်ပြီး နောက်နေ့ ဆိုင်တန်းထွက်လာတာပဲ။ လုပ်ရင်းလုပ်ရင်းကနေ အလုပ်ကနေသင်သွားတဲ့သဘောပေါ့။” လို့ ဦးကိုကိုလတ်က ပြောပါတယ်။
ဒီဆိုင်လေးက စဖွင့်တာ ၂ နှစ်ဝန်းကျင်ပဲ ရှိသေးပြီး ကိုဗစ်ကာလဆိုတော့ အရောင်းအဝယ်လည်း မရှိ ဆိုင်ကလည်း နာမည်မရှိတော့ စစဖွင့်ချင်းမှာ ဘယ်သူမှ လာမဝယ်ကြဘူးလို့ ဆိုပါတယ်။
တစ်နေ့ပွဲပေါင်း ရာနဲ့ချီရောင်းရတဲ့အချိန်သို့ရောက်ရှိလာ
“ စစဖွင့်ချင်းမှာ စားသုံးသူတွေက စမ်းပြီး ဝယ်စားကြည့်တယ်။ စားတာကောင်းတော့ နောက်ပိုင်း လာလာဝယ်စားကြ၊ ကြေညာပေးကြရာကနေ လူသိများလာခဲ့တာပါ။ တစ်ချို့ ကြော်ငြာသမားတွေလာတယ်။ စားကြည့်တယ်။ အဆင်ပြေတယ်။ သူတို့ဓာတ်ပုံတွေ ဘာတွေ ရိုက်သွားပြီး အွန်လိုင်းပေါ်တင်တယ်။ အဲဒီကတစ်ဆင့် တဖြည်းဖြည်းပေါက်လာတာပေါ့” လို့ ဆိုင်ရှင် ဦးကိုကိုလတ်က ဆိုပါတယ်။
အခုတော့ ဂဏန်းကော်ကြော်ဆိုင်လေးဟာ တစ်နေ့ကို ပွဲပေါင်း ရာကျော် ရောင်းချနေရပြီ ဖြစ်ပါတယ်။
ရောင့်ရဲ့တင်းတိမ်စိတ်ရှိပြီး စားသုံးသူတွေကို အဆင်ပြေစေချင်တဲ့ ဆန္ဒ
တရုတ်တန်းမှာ ဂဏန်းကော်ကြော်ဆိုင်တွေ များစွာရှိပေမယ့် ၂ နှစ်ခွဲဝန်းကျင် သက်တမ်းပဲရှိသေးတဲ့ ဒီဆိုင်လေးကတော့ စေတနာကြောင့် လူသိများလာတယ်လို့လည်းဆိုပါတယ်။ မိသားစုလည်း စားဝတ်နေရေးအဆင်ပြေ ပုံမှန်လေးလည်ပတ်နိုင်ရုံနဲ့ ကျေနပ်ပြီလို့ ဆိုင်ရှင် ဦးကိုကိုလတ်က ပြောပါတယ်။
“ အားလုံးက သိတဲ့အတိုင်း အခုချိန်က ချမ်းသာဖို့ မလိုဘူးပုံမှန်လေး လည်ပတ်နေရင် ကျေနပ်ပြီ။ ဒါကြောင့်မို့ ရသင့်သလောက်ပဲ ယူမယ်။ အားလုံးကို အဆင်ပြေအောင် လုပ်ပေးဖို့ပဲ စဥ်းစားပါတယ်။ ဘယ်လောက်ပဲ ကုန်စျေးနှုန်းတက်တက် ကိုယ်လည်းစားဖို့ရ စားသုံးသူတွေလည်း အဆင်ပြေဖို့ကိုပဲ အဓိကထားပြီးလုပ်ပါတယ်။ ပွဲရေများများရောင်းပြီး အမြတ်ကိုနည်းနည်းပဲ ယူတယ်။ ဂဏန်းကော်ကြော်တစ်ပွဲဆိုရင် လူ ၃- ၄ ယောက်လောက်စားလို့ရတယ်။ စားသုံးသူတွေ ဝယ်စားလို့ အများကြီးလည်း စားရတယ်။ စားလို့လည်းကောင်းလို့ ဝမ်းသာတယ်ဆို ကျွန်တော်လည်း ပီတိဖြစ်ရတယ်။ အဲဒါကိုပဲ အဓိကတွေးပြီးလုပ်ပါတယ်။ “ လို့ ဆိုပါတယ်။
ဆိုင်တည်နေရာနဲ့ စျေးနှုန်း
ဒီဆိုင်လေးကို တော့ လသာမြို့နယ် ၁၈ လမ်းထိပ် (အောက်ဘလောက်) နာမည်ကျော် ၁၈ လမ်း ဆာတေး၊ဖက်ထုပ်ဆိုင်အနီးမှာ ဖွင့်လှစ်ထားတာတာြဖစ်ပြီး နေ့စဥ် နေ့လယ် ၂ နာရီခွဲကနေ ည ၉ နာရီအထိ ဖွင့်လှစ်ထားတယ်ဆိုပါတယ်။တစ်ပွဲကို ၃,၅၀၀ ကျပ် နှုန်းနဲ့ ဂဏန်းအပျော့ကြော်နဲ့ အကြွပ်ကြော် နှစ်မျိုးရပါတယ်။ “ အရင်ကဆို တစ်ပွဲ ၂၅၀၀ ရောင်းပါတယ်။ အခုတော့ ကုန်စျေးနှုန်းလေးတွေတက်လာတော့ အခက်အခဲ ရှိတော့ တစ်ပွဲကို ၃၀၀၀ နှုန်းနဲ့ ရောင်းချပါတယ်။ အများကြီးလည်း စျေးမတင်ချင်ဘူး။ လူတိုင်းလည်း အဆင်ပြေလို့ လာစားကြတာမဟုတ်ဘူးလေ။ ကြိုက်လို့ လာစားကြတယ်။ အားလုံးအဆင်ပြေအောင် နှစ်ဦးနှစ်ဖက် အဆင်ပြေအောင်ပဲ ရောင်းပါတယ်။အရည်အသွေးကိုလည်း ဒီထက်ကောင်းအောင် ကြိုးစားမယ်။ လောလောဆယ်တော့ ဆိုင်ခွဲတွေ ဖွင့်လှစ်ဖွင့်မရှိပါဘူး။ ဒီ ၁၈ လမ်းထိပ် ဂဏန်းကော်ကြော်ဆိုင်လေးဆိုတဲ့အတိုင်း ဒီနေရာလေးမှာပဲ ရောင်းသွားမှာပါ။” လို့ ဆိုင်ရှင် ဦးကိုကိုလတ်က သူ့ရဲ့ ဆန္ဒကို အခုလို ဖွင့်ဟခဲ့ပါတယ်။
ဒါကြောင့် မို့ တရုတ်တန်းဘက်ရောက်ခဲ့ရင် စျေးလဲတန် တစ်ပွဲကို နှစ်ယောက်၊ သုံးယောက်လောက်စားလို့ရတဲ့ ၁၈ လမ်းထိပ်က ဂဏန်းကော်ကြော်လေးကို တစ်ခေါက်လာ လာရောက်မြည်းစမ်းကြည့်သင့်ပါတယ်နော်။