အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်ဂန္တဝင်အသင်းရှုံးနိမ့်ခဲ့တာပါ။

ယူနိုက်တက်ဖောင်ဒေးရှင်း ရန်ပုံငွေပွဲအဖြစ် ကစားခဲ့တဲ့ “Legends of North” ပွဲမှာ ယူနိုက်တက်ဂန္တဝင်က လီဗာပူးဂန္တဝင်ကို အိုးထရက်ဖို့ဒ်မှာ ၁-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီပွဲမှာ ပရိသတ်တွေ ရင်းနှီးတဲ့ ဂန္တဝင်အများစု နှစ်ဖက်အသင်းမှာ ပါဝင်ကစားခဲ့ကြပါတယ်။



ယူနိုက်တက်ဂန္တဝင်အသင်းမှာ ဂယ်ရီနဗီးလ်၊ ယပ်စတမ်း၊ အီဗရာ၊ ပိုဘောစကီး၊ ဗလင်စီယာ၊ နစ်ကီဘတ်၊ ဆာဟာ၊ ဘာဘာတော့ဗ်တို့လို ကစားသမားတွေ ပွဲထွက်ကစားခဲ့ပါတယ်။ လီဗာပူးဂန္တဝင်အသင်းဘက်မှာတော့ ဒူးဒက်၊ ကာရေဂါ၊ အော်ရီယယ်လို၊ ပီးနန့်၊ ဒေါင်းနင်း၊ ဗိုရိုနင်တို့ ပါဝင်ခဲ့ကြပါတယ်။

စကိုင်းစပေါ့မှာ တချိန်လုံး စကားတိုက်ပွဲတွေ ဆင်နွှဲနေတဲ့ ကာရေဂါနဲ့ နဗီးလ်တို့နှစ်ယောက် ကွင်းအတွင်း ပြန်ရင်ဆိုင်ခဲ့ရတဲ့ပွဲလည်းဖြစ်ခဲ့ပါတယ်။ ပထမပိုင်းမှာတော့ ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်ခဲ့ပြီး ဒုတိယပိုင်းမှပဲ သွင်းဂိုးတွေကို မြင်တွေ့ခဲ့ရပါတယ်။ လီဗာပူးဟာ ဟိုဆေးအင်းနရစ်၊ ဘီနာယောင်၊ ကူရစ်၊ လူးဝစ်ဂါစီယာ၊ ဆစ်ဆိုကိုတို့ကိုလည်း ဒုတိယပိုင်းမှာ ထည့်သွင်းကစားခဲ့ပါတယ်။

လီဗာပူးအတွက် ဦးဆောင်ဂိုးကို လူးဝစ်ဂါစီယာက လူစားဝင်လာပြီး စက္ကန့်ပိုင်းအကြာမှာပဲ သွင်းယူပေးခဲ့ပါတယ်။ ယူနိုက်တက်ကလည်း (၅) မိနစ်မပြည့်ခင်မှာတင် ချေပဂိုးရရှိခဲ့ပါတယ်။ ရရှိလာတဲ့ ပင်နယ်တီကို ဘာဘာတော့ဗ်က တည်တည်ငြိမ်ငြိမ် နဲ့ အဆုံးသတ် ကန်သွင်းပေးခဲ့တာဖြစ်ပါတယ်။

ပွဲကစားချိန် (၆၂) မိနစ်မှာတော့ လီဗာပူးအတွက် ဦးဆောင်ဂိုးကို ဂွန်ဇာလက်ဇ်က ဖရီးကစ်ကနေ လှလှပပဝေ့ဝဲကန်သွင်းပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ဂယ်ရီနဗီးလ်ရဲ့ အမှားကြောင့် ယူနိုက်တက်တို့ ဂိုးပေးရမလိုဖြစ်ခဲ့ပေမယ့် သူကိုယ်တိုင်ပဲ ပြန်လည်တားဆီးနိုင်ခဲ့ပါတယ်။

လီဗာပူးအတွက် ပွဲသိမ်းဂိုးကိုတော့ ဂွန်ဇာလက်ဇ်ကပဲ တန်ပြန်တိုက်စစ်ကတဆင့် နာကျင်အချိန်ပိုမှာ သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲဟာ တကျော့တည်းကစားတဲ့ပွဲမဟုတ်ဘဲ လာမယ့်တပတ် အန်ဖီးလ်မှာ ဒုတိယအကျော့အဖြစ် ထပ်မံကစားသွားဖို့ရှိနေတယ်လို့ သိရှိရပါတယ်။ 

Share

Loading Next Article...
က္က