ရှီးယားကတော့ မန်စီးတီးအပြင် အင်္ဂလန်လက်ရွေးစင်မှာပါ ပြန်ကစားလို့ရတယ်ဆိုခဲ့တာပါ။

ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင်တိုက်စစ်မှူးဟောင်းကြီး အလန်ရှီးယားက သူ့အနေနဲ့ လက်ရှိမန်စီးတီးမှာသာ ကစားခွင့်ရမယ်ဆိုရင် တစ်ရာသီအတွင်း ဂိုး (၄၀) သွင်းယူပေးနိုင်တယ်လို့ ဖွင့်ဟပြောကြားလာပါတယ်။



ပရီးမီးယားလိဂ်ရဲ့ ထာဝရဂိုးသွင်းအများဆုံး ကစားသမားတစ်ယောက်အဖြစ် ရပ်တည်နေတဲ့ အလန်ရှီးယားက သာမန်တိုက်စစ်မှူးတစ်ယောက်အနေနဲ့ ဂွါဒီယိုလာရဲ့ မန်စီးတီးမှာ တစ်ရာသီ ဂိုး (၂၀) လောက်တော့ သွင်းနိုင်ပြီး သူ့လိုမျိုး ထူးချွန်တဲ့ တိုက်စစ်မှူးဆိုရင်တော့ ဂိုး (၄၀) အနည်းဆုံးသွင်းနိုင်လိမ့်မယ်လို့လည်း ပြောကြားခဲ့တာပါ။

ဒါ့အပြင် သူက လက်ရှိအင်္ဂလန်လက်ရွေးစင်မှာလည်း ပါဝင်ကစားနိုင်ပြီး ဟာရီကိန်းနဲ့အကောင်းဆုံး တွဲဖက်နိုင်တယ်ဆိုတာကိုလည်း အခုလိုမျိုးပြောကြားခဲ့ပါသေးတယ်။

အလန်ရှီးယားက “ကျွန်တော် (၁၉၈၈) မှာ ဆောက်သမ်တန်နဲ့ ကစားသမားဘဝ အစပြုခဲ့တုန်းကအချိန်နဲ့ အခု အများကြီး ကွာခြားသွားပါပြီ။ ဘာလို့လဲဆိုတော့ အခုခေတ်မှာ ကစားသမားတွေက နည်းပညာနဲ့ ပိုမိုအသားကျလာအောင် ကြိုးစားသင့်လို့ပါ။ ပိုမြန်အောင်၊ အသင်းနဲ့ပိုမိုအံဝင်အောင် သူတို့ကြိုးစားရမှာပါ”

“ဒါပေမယ့် ခင်ဗျားက (၁၉၇၀) ပြည့်နှစ်တွေမှာ ကစားသမားကောင်းတစ်ယောက်၊ ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်ခဲ့တယ်ဆိုရင် အခုလည်း အတူတူပါပဲ။ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတစ်ယောက်က အဲ့ဒီခေတ်တုန်းကလည်း စွမ်းဆောင်နိုင်ခဲ့တယ်ဆိုရင် အခုချိန်မှာလည်း စွမ်းဆောင်နိုင်ပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

အလန်ရှီးယားဟာ သူ့ရဲ့ ကစားသမားဘဝမှာ ဆောက်သမ်တန်၊ ဘလက်ဘန်း၊ နယူးကာဆယ်တို့အတွက် ကစားပေးခဲ့ပြီး (၁၉၉၄) မှာ ဘလက်ဘန်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါအင်္ဂလန်ဂန္တဝင်ဟောင်းကြီးဟာ ပရီးမီးယားလိဂ်သွင်းဂိုး (၂၆၀) အထိ သွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာပါ။

သူ့စံချိန်ကို အနီးစပ်ဆုံးလိုက်မှီဖို့ ကြိုးစားနိုင်ဖွယ်ရှိတဲ့ ဟာရီကိန်းရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးကလည်း (၁၆၇) ဂိုးသာရှိသေးတာကြောင့် ရှီးယားကတော့ ဒီနေရာမှာ နောက်နှစ်ပေါင်းများစွာကြာအောင် ဆက်လက်ရပ်တည်သွားနိုင်ဖွယ်ရှိပါတယ်။ 

Share

က္က