ဘတ်ပီကတော့ ပြတ်ပြတ်သားသားပဲ လုပ်သွားခဲ့ပါတယ်။

ပုံရိပ်အသုံးပြုခွင့်နဲ့ပတ်သက်ပြီး ပြင်သစ်ဘောလုံးအဖွဲ့ချုပ်နဲ့ ကာလရှည်အငြင်းပွားနေတဲ့ တိုက်စစ်မှူးဘတ်ပီဟာ အသင်းနဲ့အတူ လက်ရွေးစင်ဓာတ်ပုံရိုက်ရာမှာ ပါဝင်ဖို့ကို ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ ဘတ်ပီက အဲဒီလို ငြင်းဆန်ပြီးနောက် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က ကစားသမားတွေရဲ့ ပုံရိပ်ရပိုင်ခွင့်အခြေအေနေတွေကို ကြည့်ရှုသွားမယ်လို့ သတင်းထုတ်ပြန်ခဲ့ရပါတယ်။ 

ဘတ်ပီဟာ ပြီးခဲ့တဲ့ မတ်လအတွင်းက ပြင်သစ်ရဲ့ စပွန်ဆာအချို့ကို သပိတ်မှောက်မှုတွေ ပြုလုပ်ရာမှာ ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ ပြင်သစ်အသင်းကို စပွန်ဆာပေးထားရာမှာ လောင်းကစားကုမ္ပဏီတွေပါဝင်နေသလို Fast Food ကုန်အမှတ်တံဆိပ်တချို့လည်း ပါဝင်တယ်လို့ French Football News က ဆိုပါတယ်။ 

Betclic ဆိုတဲ့ လောင်းကစားကုမ္ပဏီနဲ့ ပြီးခဲ့တဲ့နှစ်မှာ ပြင်သစ်က စပွန်ဆာစာချုပ်ချုပ်ဆိုခဲ့ပြီး ပေါင် ၇ သန်းအထိ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် KFC ၊ Uber Eats နဲ့ Coca-Cola တို့နဲ့လည်း စာချုပ်ချုပ်ခဲ့ပြီး ဘတ်ပီက စိုးရိမ်မှုတွေရှိနေခဲ့တယ်လို့ သိရပါတယ်။ ပြင်သစ်လက်ရွေးစင်အသင်းကနေ ရရှိတဲ့ ဘတ်ပီရဲ့ ငွေကြေးအားလုံးက ပရဟိတအဖွဲ့တွေဆီကို လှူဒါန်းထားတာလည်းဖြစ်ပါတယ်။ 

ဒါပေမယ့် စပွန်ဆာကုမ္ပဏီတချို့ကို ကိုယ်စားပြုမှုကနေ ပေါ်ပေါက်လာတဲ့ ကိုယ်ကျင့်တရားနဲ့ ကျင့်ဝတ်ဆိုင်ရာပြသနာတွေကြောင့် ဘတ်ပီက စိတ်ပျက်နေခဲ့ပြီး အရင်ကလည်း လောင်းကစားကုမ္ပဏီတွေနဲ့ ပြသနာတက်ခဲ့ဖူးတယ်လို့ သိရပါတယ်။ ပြင်သစ်လောင်းကစားကုမ္ပဏီ Winamax က ဒီနှစ်အစောပိုင်းမှာ ပရိသတ်တဦး ဘောင်းဘီချွတ်ပြီး အောင်ပွဲခံနေပုံနဲ့အတူ "တောင်အာဖရိကနဲ့ပွဲမှာ သူ့သားရဲ့ သွင်းဂိုးအတွက် ဘတ်ပီရဲ့အဖေ​ေ အောင်ပွဲခံနေတာပါ" လို့ရေးသားခဲ့ပြီး ဘတ်ပီကို အကြီးအကျယ်ဒေါသထွက်စေခဲ့ဖူးပါတယ်။ 

အဲဒီတုန်းက ဘတ်ပီက ချက်ချင်းပဲ "အွန်လိုင်းလောင်းကစားတွေက အန္တရာယ်ကြီးမားပါတယ်၊ အကန့်အသတ်ကိုမရှိအောင်ပါပဲ၊ ကျေးဇူးပြုပြီး နည်းနည်းတော့ လေးစားမှုရှိကြပါ" လို့ ပြန်ပြောခဲ့ဖူးပါတယ်။ ဒီအတွက် ဘတ်ပီက ပြင်သစ်ဘောလုံးအဖွဲ့ချုပ်နဲ့ ပုံရိပ်အသုံးပြုခွင့်ဆိုင်ရာသဘောတူညီချက်တွေကို ပြန်လည်ညှိနှိုင်းနေချင်ပြီး သဘောတူညီမှုမရခင်မှာ အသင်းနဲ့ ဓာတ်ပုံရိုက်ခံဖို့ ငြင်းဆန်ခဲ့တာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က