ပြင်သစ်တိုက်စစ်မှူးဘန်ဇီမာကတော့ ဒဏ်ရာပြသနာကြောင့် အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့ရပြီဖြစ်ပါတယ်။ ဒါဟာ ကင်ပမ်ဘီနဲ့ အန်ကွန်ကူတို့ အပြီးသတ်ရွေးချယ်ခံရပြီးမှ ဒဏ်ရာရခဲ့လို့ လွဲချော်အပြီး ပြင်သစ်အတွက် ၃ ဦးမြောက် လွဲချော်မှုဖြစ်လာခဲ့ကာ လက်ရှိချန်ပီယံပြင်သစ်အတွက် အင်အားတွေ တဖြည်းဖြည်းလျော့နည်းလာခဲ့တာဖြစ်ပါတယ်။
ဘန်ဇီမာဟာ ရီးရဲလ်မက်ဒရစ်အတွက် ကစားပေးရင်းနဲ့ ဒဏ်ရာရရှိခဲ့လို့ အနားယူခဲ့သူဖြစ်ကာ ကမ္ဘာ့ဖလားကို ပါဝင်ကစားနိုင်ဖို့အတွက် ရီးရဲလ်အတွက် ကစားပေးခြင်းမရှိဘဲ ရှိနေခဲ့သူဖြစ်ပါတယ်။ ဘလွန်းဒီအောဆုရှင်ဟာ ဒီအတွက် ဝေဖန်မှုတချို့ကို ရင်ဆိုင်ခဲ့ရပေမယ့် အသင်းဘက်ကလည်း သူ့ကို နားလည်မှုပေးထားကာ ပြင်သစ်အတွက် ပါဝင်ကစားပေးစေဖို့ ဦးစားပေးခဲ့ပါတယ်။
ဒါပေမယ့် အခုအခါမှာတော့ ဘန်ဇီမာတယောက် ဒဏ်ရာကြောင့် ဘယ်လိုမှကစားပေးနိုင်ခြင်းမရှိလို့ အသင်းကနေ နုတ်ထွက်ခဲ့ရပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပွဲမှာ ရွေးချယ်မခံခဲ့ရတဲ့ ဘန်ဇီမာဟာ ပြင်သစ်နဲ့အတူ ဒီတကြိမ်ပါဝင်ကစားနိုင်ဖို့ အားခဲထားခဲ့ပေမယ့် ဒဏ်ရာပြသနာထိုးနှက်ချက်က သူ့ကို ကမ္ဘာ့ဖလားနဲ့ ထပ်မံလွဲချော်စေခဲ့ပါပြီ။
အသက် ၃၄ နှစ်အရွယ် ဘန်ဇီမာအတွက်တော့ ဒီကမ္ဘာဖ့လားပြိုင်ပွဲက သူ့ကစားသမားဘ၀ နောက်ဆုံးသောကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လာဖို့ရှိနေတာပါ။ အခုလို လွဲချော်မှုက သူ့ကို ကမ္ဘာ့ဖလားမှာ ပါဝင်ကစားခွင့်နည်းပါးစေတော့မှာဖြစ်ကာ ဘန်ဇီမာအတွက် တော်တော်လေးနာကျင်စရာကောင်းတဲ့ လွဲချော်မှုတခုအဖြစ် ရှိလာခဲ့ပြီဖြစ်ပါတယ်။