အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီဟာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ဒီဘားလားနဲ့ ဒီမာရီယာတို့အနေနဲ့ ကမ္ဘာ့ဖလားအမှီ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာမယ်လို့ ထင်မြင်ကြောင်း အားပေးစကားပြောကြားခဲ့ပါတယ်။ ဒီနှစ်ယောက်လုံးက လက်ရှိမှာ ဒဏ်ရာပြဿနာတွေနဲ့ အသီးသီးရင်ဆိုင်နေရတာပါ။
ဒီဘားလားဟာ ပြီးခဲ့တဲ့အပတ်က လက်ချီကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် အနိုင်ဂိုးဖြစ်မယ့် ပင်နယ်တီကို ကန်သွင်းရင်း ပေါင်ခြံဒဏ်ရာရရှိခဲ့ပါတယ်။ အဲ့ဒီဒဏ်ရာကြောင့်ပဲ လူစားလဲခံခဲ့ရပြီး ရိုးမားနည်းပြမော်ရင်ဟိုကလည်း ဒဏ်ရာအနေအထားက ဆိုးရွားကြောင်းဆိုပါတယ်။ ဒီဘားလားအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ လွဲချော်နိုင်တယ်လို့ သတင်းထွက်နေပါတယ်။
ဒီမာရီယာကလည်း ပြီးခဲ့တဲ့ကြားရက်က မက္ကာဘီဟိုင်ဖာကို နှစ်ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲမှာ ပထမပိုင်းနဲ့တင် တံကောက်ကြောဒဏ်ရာရရှိခဲ့ပါတယ်။ ဒီကစားသမားနှစ်ယောက်လုံးက အာဂျင်တီးနားအတွက် အဓိက,ကစားသမားတွေဖြစ်ကြပြီး ကမ္ဘာ့ဖလားကျင်းပဖို့ (၂) လတောင် မကျန်တော့ချိန်မှာ ဒီလိုမျိုး ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ရတာက အာဂျင်တီးနားအသင်းအတွက် စိုးရိမ်စရာပါ။
ကမ္ဘာ့ဖလားကိုပစ်မှတ်ထားနေတဲ့ မက်ဆီကလည်း “ဒီဘားလားနဲ့ ဒီမာရီယာတို့ရဲ့ ဒဏ်ရာက စိုးရိမ်စရာပါ။ ဘာကြောင့်လဲဆိုတော့ အခုက မတူညီတဲ့ ကမ္ဘာ့ဖလား၊ မတူညီတဲ့အချိန်မှာ ကစားရတာကြောင့်ပါ။ အချိန်က အရမ်းကပ်နေပြီး လက်ရွေးစင်အသင်းကနေ ကျန်ခဲ့နိုင်တဲ့ ဘယ်လိုကိစ္စမျိုးမဆို ဖြစ်ပျက်နိုင်လို့ပါပဲ။ သူတို့နှစ်ယောက်လုံး ပြန်ကောင်းလာဖို့ ကျနော် မျှော်လင့်ပါတယ်”
“ကမ္ဘာ့ဖလားမှာ သူတို့နှစ်ယောက်အတွက် ကြံ့ခိုင်မှုပြည့်ဝနေစေဖို့ အချိန်တွေ အများကြီးရှိပါသေးတယ်။ ကျနော်တို့ အားလုံး ကမ္ဘာ့ဖလားကို ကြံ့ခိုင်မှုအပြည့်နဲ့ သွားရောက်နိုင်ဖို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာ မက်ဆီကလည်း ခြေသလုံးကြွက်သားဒဏ်ရာရရှိနေပြီး ပီအက်စ်ဂျီရဲ့ နောက်ဆုံးပွဲစဥ်နှစ်ပွဲကို လွဲချော်ခဲ့ရပါတယ်။