လာမယ့် AFF ပြိုင်ပွဲအတွက် သူ့ကို​ကစားပေးဖို့ ကမ်းလှမ်းထားပေမယ့် ငြင်းဆန်လိုက်တာပါ။

မြန်မာ့လက်ရွေးစင်အသင်းရဲ့ ဝါရင့်နောက်ခံလူတဦးဖြစ်တဲ့ ဇော်မင်ထွန်းဟာ နိုင်ငံတကာလက်ရွေးစင်ကစားသမားအဖြစ်ကနေ အနားယူလိုက်ပြီလို့ သူ့ရဲ့ လူမှုကွန်ရက်ကတဆင့် အတည်ပြုကြေညာလိုက်ပါတယ်။ ဝီကီပီဒီးယားမှာ ဖော်ပြထားချက်အရအသက် ၃၀ အရွယ်သာရှိသေးတဲ့ ဇော်မင်ထွန်းဟာ လက်ရှိမှာတော့ ထိုင်းလိဂ်-၁ ကလပ် ချွန်ဘူရီမှာ ကစားနေသူဖြစ်ပါတယ်။ 

မြန်မာအသင်းအတွက် ပွဲပေါင်း ၇၅ ပွဲကစားပေးပြီး ၄ ဂိုးအထိ သွင်းယူပေးထားတဲ့ ဗဟိုခံစစ်ကစားသမားဟာ သူ့ခေတ်အခါမှာတော့ မြန်မာပြည်ရဲ့ အကောင်းဆုံးဗဟိုခံစစ်လူတဦးအဖြစ် သတ်မှတ်ခံထားခဲ့ရပါတယ်။ လာမယ့် AFF Mitsubishi Electric Cup ပြိုင်ပွဲအတွက် သူ့ကို လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးဖို့ အသင်းဘက်က ကမ်းလှမ်းခဲ့ပေမယ့် ဇော်မင်းထွန်းကတော့ သူ အနားယူပြီလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ 

"ကျွန်တော့် အသက်အရွယ်ကြောင့် နိုင်ငံ့အသင်း နှင့် ကလပ်အသင်း တာဝန်နှစ်ခုလုံးပေါ်တွင် အပြည့်အဝ အာရုံစိုက် ကစားနိုင်ရန် အကန့်အသတ်များ ရှိလာပြီ ဖြစ်ပါသည်။ တစ်ဖန် လူငယ် မျိုးဆက်သစ်များအတွက် လက်ဆင့်ကမ်း နေရာပေးလိုသည့် ဆန္ဒလည်းရှိနေပါသည်။ သို့ဖြစ်ရာ မြန်မာ လက်ရွေးစင်အသင်းမှ အနားယူရန် ကျွန်တော်ဆုံးဖြတ်လိုက်ပြီဖြစ်သည်"

"ကျွန်တော်​၏ ဆုံးဖြတ်ချက်ကို သက်ဆိုင်သူ အားလုံး လေးစားမှုပေးနိုင်ဖို့ မျှော်လင့်ပါသည်။ လက်ရွေးစင် အသင်းအတွက် ခေါ်ယူပေးခဲ့ခြင်း အတွက်လည်း အမြဲဂုဏ်ယူကျေးဇူးတင်နေမှာ ဖြစ်ကြောင်း ဖော်ပြလိုပါသည်။ မြန်မာ လက်ရွေးစင် အသင်း လာမည့် AFF ချန်ပီယံရှစ်ပြိုင်ပွဲတွင် အောင်မြင်မှုရရှိပါစေကြောင်း ဆန္ဒပြုလိုက်ပါသည်။ " လို့ ဇော်မင်းထွန်းက ရေးသားထားပါတယ်။ 

ဇော်မင်းထွန်းဟာ ၂၀၁၉ က စတင်ပြီး ထိုင်းမှာသွားရောက်ကစားနေကာ ချွန်ဘူရီ၊ ဆူခိုထိုင်း၊ ထရတ်တို့မှာ ကစားခဲ့ကာ လက်ရှိမှာတော့ အသင်းဟောင်းချွန်ဘူရီအတွက် ပြန်လည်ကစားပေးနေတာဖြစ်ပါတယ်။ သူဟာ မြန်မာနေရှင်နယ်လိဂ်ကလပ်တွေဖြစ်တဲ့ မကွေး၊ ရတနာပုံ၊ ရန်ကုန်ယူနိုက်တက်၊ GFA တို့မှာလည်း ကစားခဲ့ဖူးပြီး လက်ရွေးစင်အသင်းရဲ့ အမာခံကစားသမားတဦးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က