ပီလီရဲ့ ဘောလုံးအပေါ် အကျိုးသက်ရောက်မှုကို ထိမိတဲ့စကားလုံးနဲ့ ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူး နေမာက ကြာသပတေးနေ့ညမှာ ကွယ်လွန်သွားခဲ့တဲ့ ဘရာဇီးလ်ဂန္တဝင်တိုက်စစ်မှူးကြီး ပီလီရဲ့ ဘောလုံးအပေါ် အကျိုးသက်ရောက်မှုကို ထိမိတဲ့စကားလုံးနဲ့ ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

ပီလီဟာ ကြာသပတေးနေ့ည အသက် ၈၂ နှစ်အရွယ်မှာပဲ ဆော်ပေါ်လိုမြို့က အဲလ်ဘတ် အိုင်းစတိုင်းဆေးရုံမှာ ပြီးခဲ့တဲ့လတွေကတည်းက အူမကြီးကင်ဆာနဲ့ တိုက်ပွဲဝင်ခဲ့ရပြီးနောက် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ဆန်းတို့စ်ကြယ်ပွင့်ဟောင်းဟာ ကမ္ဘာ့ဖလားကို ၃ ကြိမ်အထိ ကိုင်မြှောက်ဖူးတဲ့ ကမ္ဘာပေါ်က တစ်ဦးတည်းသော ကစားသမားဖြစ်ပြီး တသက်တာအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

တောင်အမေရိက ကသတင်းတွေအရ ပီလီရဲ့ ကွယ်လွန်မှုဟာ ကမ္ဘာတလွှားမှာ ဝမ်းနည်းပူဆွေးမှုတွေနဲ့ ဂုဏ်ပြုစကားသံတွေ ပြည့်လျှံစေခဲ့ပြီး အထူးသဖြင့် လက်ရှိဘောလုံးလောက က လူတွေနဲ့ ကြယ်ပွင့်ကစားသမားဟောင်းတွေဆီက ဖြစ်ပါတယ်။ အဲဒီထဲမှာ မကြာသေးမီက ပီလီရဲ့ ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် တသက်တာ ထိပ်တန်းဂိုးသွင်းရှင်စံချိန်ကို လိုက်မီခဲ့တဲ့ ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူး နေမာလည်း အပါအဝင် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။



ပီအက်စ်ဂျီကြယ်ပွင့်ဟာ ဆန်းတို့စ်ကြယ်ပွင့်ဟောင်းရဲ့ ကျော်ကြားခဲ့တဲ့ ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ကစားနေသူဖြစ်ပြီး ၎င်းရဲ့ ချီးကျူးဂုဏ်ပြုစကားက ပီလီဟာ ဘောလုံးနဲ့ ကိန်းဂဏန်းတွေကို ဘယ်လောက်အထိ အဓိပ္ပာယ်ရှိစေလဲဆိုတာကို မြင်သာစေခဲ့တာဖြစ်ပါတယ်။ "ပီလီ မရှိခင်တုန်းက နံပါတ် ၁၀ ဟာ ကိန်းဂဏန်းတစ်ခုလောက်သာဖြစ်ခဲ့တယ်။ ကျွန်တော့်ဘဝ အခိုက်အတန့်တစ်ခုမှာ ဒီစာသားကို တစ်နေရာရာမှာ ဖတ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီဝါကျက လှပပေမယ့်လည်း မပြည့်စုံပါဘူး"



"ပီလီ မရှိခင်တုန်းက ဘောလုံးက အားကစားတစ်ခုလောက်ပဲ ဖြစ်ခဲ့တယ်လို့ ကျွန်တော် ပြောရပါလိမ့်မယ်။ ပီလီက အဲဒါကို အားလုံး ပြောင်းလဲပစ်လိုက်တယ်။ သူက ဘောလုံးကို အနုပညာတစ်ခုအဖြစ် ပြောင်းလဲလိုက်တယ်။ ဖျော်ဖြေမှုအဖြစ် ပြောင်းလဲလိုက်တယ်။ သူက ဆင်းရဲနွမ်းပါးတဲ့ပြည်သူတွေ၊ လူမည်းပြည်သူတွေအတွက် ထုတ်ဖော်ပြောဆိုပေးခဲ့တယ်။ သူက ဘရာဇီးလ်ကို မြင်နိုင်စွမ်း ပေးခဲ့ပါတယ်။ ဘောလုံးနဲ့ ဘရာဇီးလ်ဟာ ဘုရင်ကြီးကျေးဇူးကြောင့် သူတို့ရဲ့ ဂုဏ်ကို မြှင့်တင်နိုင်ခဲ့တယ်။ သူ ထွက်သွားခဲ့ပြီဖြစ်ပေမယ့် သူ့ရဲ့ မှော်ပညာတွေက ကျန်ရစ်ခဲ့ပါတယ်။ ပီလီက ထာဝရရှိနေမှာပါ"လို့ နေမာက အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

Share

Loading Next Article...
က္က