ဘရာဇီးလ်ဂန္တဝင်တိုက်စစ်မှူး ပီလီက ၎င်းရဲ့ ကာလရှည် တင်ရှိထားတဲ့ ဂိုးသွင်းစံချိန်ကို လိုက်မီခဲ့တဲ့အတွက် နေမာကို ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး ပီအက်စ်ဂျီကြယ်ပွင့်ရဲ့ လက်ရွေးစင်အနာဂတ်က မေးခွန်းထုတ်စရာတွေ ဖြစ်နေချိန်မှာ ဘရာဇီးလ်ကို ဆက်ပြီး ဦးဆောင်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
နေမာဟာ သောကြာနေ့ညက ခရိုအေးရှားနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ခရိုအေးရှားနဲ့ပွဲစဉ်မှာ အချိန်ပိုပထမပိုင်း ပြီးဆုံးခါနီး သွင်းယူခဲ့တဲ့ သွင်းဂိုးက ဘရာဇီးလ်အတွက် စီနီယာကစားသမားဘဝ ၇၇ ဂိုးမြောက်သွင်းဂိုးဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပတ်ကိုဗစ်က ၁၁၇ မိနစ်မှာ ခရိုအေးရှားအတွက် အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးခဲ့ပြီး ဘရာဇီးလ်အသင်းဟာ ပင်နယ်တီအဆုံးအဖြတ်မှာ ၄-၂ နဲ့ ရှုံးနိမ့်သွားခဲ့တာဖြစ်ပါတယ်။
ပီအက်စ်ဂျီကြယ်ပွင့်နေမာဟာ ပွဲအပြီးမှာ ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် နောက်ဆုံးပါဝင်ကစားပေးတဲ့ ပွဲစဉ်ဖြစ်ကောင်းဖြစ်သွားနိုင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပေမယ့်လည်း တရားဝင်ဆုံးဖြတ်ချက် ချမှတ်ရခြင်းတော့ မရှိသေးတာ ဖြစ်ပါတယ်။ အသက် ၃၀ အရွယ် ကစားသမားအတွက် ခါးသီးတဲ့ အခိုက်အတန့်မှာ ဆေးရုံမှာ နောက်ဆုံးအချိန် ကုသမှုခံယူတဲ့နေရာကို ရွှေ့ပြောင်းပြီး ကုသမှုခံယူနေတဲ့ ပီလီက လူမှုကွန်ရက်ပေါ်မှာ နေမာကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
"မင်း ကြီးပြင်းလာတာ ငါမြင်တွေ့ခဲ့တယ်။ ငါမင်းကို နေ့တိုင်း အားပေးနေပြီး နောက်ဆုံးမှာ ဘရာဇီးလ်လက်ရွေးစင်အသင်းနဲ့ ငါ့ရဲ့သွင်းဂိုးအရေအတွက်ကို လိုက်မီခဲ့တဲ့အတွက် မင်းကို ဂုဏ်ပြုနိုင်ပြီ။ ဒါက ကိန်းဂဏန်းထက် အများကြီးပိုတယ်ဆိုတာ ငါတို့ ၂ ယောက်စလုံးသိကြပါတယ်။ ငါတို့ရဲ့ အားကစားသမားတွေအဖြစ်နဲ့ အကြီးမားဆုံးတာဝန်က လှုံ့ဆော်မှုပေးနိုင်ဖို့ပါ။ ငါတို့ရဲ့ ဒီကနေ့ ပရော်ဖက်ရှင်နယ် လုပ်ဖော်ကိုင်ဘက်တွေ၊ လာမယ့် မျိုးဆက်သစ်တွေနဲ့ အဲဒီဟာတွေထက် ငါတို့ရဲ့အားကစားကို ချစ်မြတ်နိုးတဲ့လူတိုင်းအတွက် လှုံ့ဆော်မှုပေးနိုင်ဖို့ပါ"
"ကံမကောင်းစွာနဲ့ပဲ ဒီနေ့က ငါတို့အတွက် ပျော်ရွှင်စရာအကောင်းဆုံးနေ့မဟုတ်ခဲ့ဘူး။ ဒါပေမယ့် မင်းက အမြဲတမ်း လူတော်တော်များများ ဘောလုံးကို ချစ်မြတ်နိုးလာဖို့အတွက် လှုံ့ဆော်မှုအရင်းအမြစ်ဖြစ်နေမှာပါ။ အချိန်တွေ ပိုကြာလာလေ ငါတို့ရဲ့အမွေအနှစ်တွေက ကြီးထွားလာလေဆိုတာကို ငါ သိခဲ့ရတယ်။ ငါ့စံချိန်တွေကို သတ်မှတ်ခဲ့တာ နှစ်ပေါင်း ၅၀ နီးပါးလောက်တုန်းကဖြစ်ပြီး ဘယ်သူကမှ အခုအချိန်အထိ လိုက်မီအောင် မလုပ်နိုင်ခဲ့ဘူး။ မင်း အဲဒါကို လုပ်နိုင်ခဲ့ပြီ ကောင်လေး။ ဒါက မင်း ရရှိခဲ့တဲ့ အောင်မြင်မှုရဲ့ ကြီးမြတ်မှုကို မြှင့်တင်ပေးနိုင်တယ်"
"ဒါပေမယ့်လည်း ငါ့လိုပဲ ဘယ်ကိန်းဂဏန်းကမှ ငါတို့ နိုင်ငံကို ကိုယ်စားပြုရတဲ့ ပျော်ရွှင်မှုထက် ပိုပြီး မကြီးမားဘူးဆိုတာကို သိမှာပါ။ ငါက အသက် ၈၂ နှစ်ရှိပြီဖြစ်ပြီး ဒီအချိန်အထိ ငါက မင်းကို တစ်နည်းနည်းနဲ့ ဒီအခြေအနေအထိ ရောက်အောင် လှုံ့ဆော်ပေးနိုင်ခဲ့တယ်လို့ မျှော်လင့်ပါတယ်။ အဲဒီထက်ပိုပြီးတော့ မင်းရဲ့အောင်မြင်မှုတွေက မဖြစ်နိုင်တဲ့ပုံပေါ်တဲ့အရာတွေကို စိန်ခေါ်ဖို့ မင်းကို အားပေးနေတဲ့ သန်းပေါင်းများစွာသော လူတွေဆီကို ဖြန့်ဝေပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ မင်းရဲ့အမွေအနှစ်တွေက အများကြီးချန်ထားခဲ့ရဦးမယ်။ ငါတို့ကို ဆက်ပြီးတော့ ဦးဆောင်ပေးပါ။ မင်းကို မြင်တွေ့ခဲ့တဲပွဲစဉ်တိုင်းမှာ ငါလုပ်ခဲ့တဲ့အတိုင်း မင်း ဂိုးသွင်းတဲ့အချိန်တိုင်း ပျော်ရွှင်မှုနဲ့အတူ လေထဲကို လက်သီးတွေ ဆက်ပြီးတော့ ထိုးသွားမှာပါ"လို့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။