လီယွန်နယ် မက်ဆီဟာ ပြင်သစ်နဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲဟာ လက်ရွေးစင်ကစားသမားဘဝ နောက်ဆုံးပွဲစဉ်ဖြစ်ခဲ့တယ်ဆိုတဲ့ ကောလာလဟတွေကို တုံ့ပြန်ခဲ့ပါတယ်။
အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ၎င်းရဲ့ နောက်ဆုံးကမ္ဘာ့ဖလားဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပေမယ့်လည်း နောက်ထပ် ပွဲစဉ်အနည်းငယ် ထပ်ပြီး ကစားပေးချင်နေတာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ နိုင်ငံအတွက် ကမ္ဘာ့ဖလားကို ကိုင်မြှောက်ပေးချင်တဲ့ ကစားသမားဘဝ အိပ်မက်ဟာ ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ပြင်သစ်နဲ့ အချိန်ပိုအထိ ၃-၃ သရေကျနေခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရမှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အာဂျင်တီးနားက ပင်နယ်တီအဆုံးအဖြတ်မှာ ၄-၂ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အများစုက လီယွန်နယ် မက်ဆီအတွက် ပြင်သစ်နဲ့ပွဲစဉ်ဟာ လက်ရွေးစင်ကစားသမားဘဝ နောက်ဆုံးပွဲစဉ်ဖြစ်တယ်လို့ ခံစားခဲ့ရတာဖြစ်ပေမယ့်လည်း ပီအက်စ်ဂျီကြယ်ပွင့်အတွက် အနားယူဖို့ အချိန်မကျသေးတာဖြစ်ပါတယ်။ မက်ဆီက ပွဲအပြီးအင်တာဗျူးမှာ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူမယ့် ကောလာဟလတွေကို ငြင်းပယ်သွားခဲ့ပြီး "မဟုတ်ပါဘူး။ ကျွန်တော် လက်ရွေးစင်အသင်းကနေ အနားယူသွားမှာမဟုတ်ပါဘူး။ ကျွန်တော် အာဂျင်တီးနားရှပ်နဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံတွေအဖြစ် ဆက်ပြီးတော့ ကစားချင်ပါသေးတယ်"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
လီယွန်နယ် မက်ဆီသာ မြောက်အမေရိကမှာ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဆက်ကစားခဲ့မယ်ဆိုရင် အဲဒီအချိန်မှာ အသက် ၃၉ နှစ်အရွယ်ရှိနေတော့မှာဖြစ်ပါတယ်။